အပိုဒ်ငယ် ၉၇
၁၈၃၃ ခု၊ ဩဂုတ်လ ၂ ရက်၊ ကာ့တ်လန်း အိုဟိုင်းရို၌ ပရောဖက်ဂျိုးဇက်စမစ်အားဖြင့် ပေးတော်မူခဲ့သည့် ဗျာဒိတ်တော်။ ဤဗျာဒိတ်တော်သည် သတင်းအချက်အလက်အတွက် ကိုယ်တော်ရှင်ထံသို့ ပရောဖက်၏ မေးလျှောက်ခြင်းအတွက် အဖြေအဖြစ်၊ ဇိအုန်၊ ဂျက်ဆင်ခရိုင်၊ မစ်ဆိုရီရှိ သန့်ရှင်းသူတို့၏ အမှုအမျိုးမျိုးနှင့် အထူးသဖြင့် စပ်ဆိုင်၏။ မစ်ဆိုရီရှိ အသင်းတော်၏ အသင်းသားတို့သည် ဤအချိန်၌ ပြင်းထန်သောညှဉ်းဆဲခြင်းအောက်၌ ရှိကြလေပြီး၊ ၁၈၃၃ ခု၊ ဇူလိုင်လ ၂၃ ရက်နေ့တွင် ဂျက်ဆင်ခရိုင်မှ ထွက်သွားရန် သဘောတူညီချက်၌ လက်မှတ်ထိုးစေဖို့ ဖိအားပေး ခံကြရလေ၏။
၁–၂၊ ဇိအုန် (ဂျက်ဆင်ခရိုင်၊ မစ်ဆိုရီ) ရှိသန့်ရှင်းသူများစွာတို့သည် သူတို့၏သစ္စာရှိခြင်းကြောင့် ကောင်းချီးခံစားကြရ၏။ ၃–၅၊ ပါလီပီပရတ်သည် ဇိအုန်ရှိကျောင်း၌ သူ၏အလုပ်များအတွက် မိန့်မှာခံရ၏။ ၆–၉၊ မိမိတို့၏ပဋိညာဉ်များကို ကျင့်စောင့်သောသူများကို ကိုယ်တော်ရှင် လက်ခံတော်မူ၏။ ၁၀–၁၇၊ ဇိအုန်၌ အိမ်တော်တစ်ခုကို တည်ဆောက်ရမည်၊ စိတ်နှလုံးစင်ကြယ်သောသူတို့သည် ထိုအိမ်တော်ထဲတွင် ဘုရားသခင်ကို မြင်ကြရလိမ့်မည်။ ၁၈–၂၁၊ ဇိအုန်၌ စိတ်နှလုံးစင်ကြယ်သောသူများ ရှိ၏။ ၂၂–၂၈၊ ဇိအုန်သည် သစ္စာရှိလျှင် ကိုယ်တော်ရှင်၏ ဒဏ်ခတ်တော်မူခြင်းမှ လွတ်လိမ့်မည်။
၁ သင်တို့ကို ငါအမှန်ဆိုသည်ကား၊ ငါ၏အဆွေခင်ပွန်းတို့၊ ဇိအုန်ပြည်ရှိ သင်တို့ညီအစ်ကိုတို့နှင့် စပ်လျဉ်းသည့် ငါ၏အလိုတော်ကို သင်တို့အား ဖော်ပြနိုင်ခြင်းငှာ၊ ငါသည် သင်တို့ကို ငါ၏အသံ၊ အထူးသဖြင့်၊ ငါ့ဝိညာဉ်တော်၏အသံဖြင့် မြွက်ဆို၏၊ သူတို့အထဲမှ များစွာသောသူတို့သည် အမှန်ပင်နှိမ့်ချကြပြီး၊ ဉာဏ်ပညာကို သင်ယူရန်နှင့် သမ္မာတရားကို ရှာရန် လုံ့လဝီရိယ ထက်သန်စွာကြိုးစားကြ၏။
၂ သင်တို့ကို ငါအမှန်၊ အမှန်ဆိုသည်ကား၊ ထိုကဲ့သို့သောသူတို့သည် ရရှိကြမည်ဖြစ်၍ မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ငါ၊ ကိုယ်တော်ရှင်သည် သိမ်မွေ့အောက်ကျို့သူခပ်သိမ်းတို့ကို၊ ထို့အတူ ငါအလိုရှိသူခပ်သိမ်းတို့အပေါ် ကရုဏာကို ပြတော်မူမည်၊ သူတို့ကို တရားစီရင်ခြင်းသို့ ငါဆောင်ယူသည့်အခါ ငါအပြစ်ကင်းနိုင်စေကြောင်းပေတည်း။
၃ ရှုလော့၊ ဇိအုန်ရှိကျောင်းနှင့်စပ်လျဉ်း၍ သင်တို့ကို ငါအမှန်ဆိုသည်ကား၊ ဇိအုန်၌ ကျောင်းတစ်ကျောင်းရှိရမည်ကို၊ ထို့အတူ ငါ့ကျွန် ပါလီပီပရတ်နှင့်စပ်လျဉ်း၍လည်း ငါ၊ ကိုယ်တော်ရှင်အလွန်နှစ်သက်တော်မူ၏၊ အကြောင်းမူကား၊ သူသည် ငါ၌တည်၏။
၄ သူသည် ငါ၌ ဆက်၍တည်သမျှ၊ သူ့ကို အခြားပညတ်တော်များ ငါပေးသည့်အချိန်အထိ ဇိအုန်ပြည်ရှိကျောင်း၌ ဆက်၍ဦးစီးရလိမ့်မည်။
၅ ငါသည် ခပ်သိမ်းသော ကျမ်းစာများနှင့် နက်နဲခြင်းတို့ကို ရှင်းပြခြင်းအားဖြင့် ကျောင်းနှင့် ဇိအုန်ရှိအသင်းတော်၏ တည်ဆောက်ခြင်းသို့ ရောက်စေသည့် မြောက်မြားစွာသော ကောင်းချီးမင်္ဂလာတို့ဖြင့် သူ့ကို ကောင်းချီးပေးတော်မူမည်။
၆ ကျောင်းမှ ကျန်ကြွင်းသောသူတို့အား၊ ငါ၊ ကိုယ်တော်ရှင်သည် ကရုဏာကို ဖော်ပြရန် လိုလိုလားလားရှိတော်မူ၏။ သို့သော်လည်း၊ ဆုံးမခံရရန် လိုအပ်သောသူများရှိ၏၊ သူတို့၏ အကျင့်များကိုလည်း ဖော်ပြတော်မူလိမ့်မည်။
၇ ပုဆိန်ကို အပင်၏အမြစ်မှာ ချထားပြီ။ ကောင်းသောအသီးကို မသီးသောအပင်မှန်သမျှသည် ခုတ်လှဲ၍ မီးထဲသို့ ပစ်ချခံရလိမ့်မည်။ ငါ၊ ကိုယ်တော်ရှင်၊ မိန့်တော်မူလေပြီ။
၈ သင်တို့ကို ငါအမှန်ဆိုသည်ကား၊ သူတို့၌ မိမိစိတ်နှလုံး ရိုးသားကြ၊ ထို့အတူ ကျိုးပဲ့ကြ၊ ထို့အတူ မိမိတို့စိတ်ကြေကွဲကြောင်းသိသောသူများ၊ ထို့အတူ မိမိတို့ပဋိညာဉ်များကို ယဇ်ပူဇော်ခြင်း—အထူးသဖြင့်၊ ငါ၊ ကိုယ်တော်ရှင်မိန့်တော်မူမည့် ယဇ်ပူဇော်ခြင်းမှန်သမျှ—ဖြင့် ကျင့်စောင့်ရန် လိုလိုလားလားရှိသောသူများသည် ငါလက်ခံသောသူများဖြစ်ကြ၏။
၉ အကြောင်းမူကား၊ ငါ၊ ကိုယ်တော်ရှင်သည် သူတို့အား ကောင်းသောမြေမှာ စိုက်သည့်၊ အသီး အလွန်သီးသည့် အပင်ကဲ့သို့ ဖြစ်ထွန်းစေမည်၊ ထိုအပင်သည် အဖိုးထိုက်သောအသီး များစွာသီး၏။
၁၀ သင်တို့ကို ငါအမှန်ဆိုသည်ကား၊ သင်တို့ကို ငါပေးတော်မူလေသည့် ပုံစံအတိုင်း ဇိအုန်ပြည်၌ ငါ့အဖို့ အိမ်တော်တစ်ခု တည်ဆောက်ရမည်မှာ ငါ၏အလိုတော်ဖြစ်၏။
၁၁ ထိုမှတစ်ပါး၊ ငါ့လူမျိုးတို့၏ ဆယ်ဖို့တစ်ဖို့ဖြင့် အလျင်အမြန်တည်ဆောက်စေလော့။
၁၂ ရှုလော့၊ ဤအရာသည် ငါကိုယ်တော်ရှင်၊ သူတို့လက်မှ တောင်းဆိုသည့် ဆယ်ဖို့တစ်ဖို့နှင့် ယဇ်ပူဇော်ခြင်းဖြစ်၏၊ ဇိအုန်၏ ကယ်တင်ခြင်းအတွက် ငါ့အဖို့ တည်ဆောက်ထားသော အိမ်တော်တစ်ခု ရှိနိုင်စေကြောင်း ပေတည်း—
၁၃ သန့်ရှင်းသူအပေါင်းတို့၏ ကျေးဇူးတော်ချီးမွမ်းရာနေရာ အဖြစ်၊ ထို့အတူ အမှုတော်ဆောင်ခြင်းအလုပ်သို့ မိမိတို့၏ အမှုတော်ဆောင်တာဝန်အသီးသီးနှင့် အမှုအရာများ၌ ခေါ်သွင်းခံရသူအပေါင်းတို့အဖို့ သွန်သင်ရာနေရာအဖြစ်ရှိ၍၊
၁၄ သူတို့သည် မိမိတို့အမှုတော်ဆောင်ခြင်းကို သဘောတရား၌၊ အခြေခံဩဝါဒ၌၊ ဩဝါဒ၌၊ နိုင်ငံတော်သော့များကို သင်တို့အား အပ်နှင်းထားလေရာ မြေကြီးပေါ်တွင် ဘုရားသခင်၏နိုင်ငံတော်နှင့် စပ်ဆိုင်သည့်အရာ အပေါင်းတို့၌ နားလည်ခြင်းတွင် စုံလင်နိုင်ကြစေကြောင်းပေတည်း။
၁၅ ငါ၏လူမျိုးတို့သည် ကိုယ်တော်ရှင်၏နာမတော်အားဖြင့်၊ ငါ့အဖို့ အိမ်တော်တစ်ခုကို တည်ဆောက်ပြီး၊ မစင်ကြယ်သည့် မည်သည့်အရာကိုမျှ ထိုအိမ်ထဲသို့ ဝင်ရောက်လာရန် အခွင့်မပေး၍ မညစ်ညူးစေသမျှ၊ ငါ၏ဘုန်းတော်သည် ထိုအိမ်ပေါ်မှာ ကိန်းဝပ်တော်မူလိမ့်မည်။
၁၆ ထိုမှတစ်ပါး၊ ငါ၏မျက်မှောက်တော်သည်လည်း ထိုနေရာ၌ ရှိလိမ့်မည်၊ အကြောင်းမူကား၊ ငါသည် ထိုအိမ်တော်ထဲသို့ ကြွလာတော်မူမည်၊ ထိုအိမ်ထဲသို့ လာကြမည့် စိတ်နှလုံးစင်ကြယ်သောသူ အပေါင်းတို့သည် ဘုရားသခင်ကို မြင်ကြရလိမ့်မည်။
၁၇ သို့ရာတွင်၊ ထိုအိမ်သည် ညစ်ညူးလျှင်၊ ငါသည် ထိုအိမ်ထဲသို့ မကြွလတ္တံ့၊ ငါ၏ဘုန်းတော်သည်လည်း ထိုနေရာ၌ မရှိလတ္တံ့။ အကြောင်းမူကား၊ ငါသည် မသန့်ရှင်းသော ဗိမာန်တော်များထဲသို့ မကြွလတ္တံ့။
၁၈ ထို့အတူ၊ ယခုတွင်၊ ရှုလော့၊ ဇိအုန်သည် ဤအရာတို့ကိုလုပ်ဆောင်လျှင် အောင်မြင်လိမ့်မည်၊ ထို့အတူ ကျယ်ပြန့်၍၊ အလွန်အသရေထင်ရှားလျက်၊ အလွန်ကြီးမြတ်လျက်၊ အလွန် ကြောက်မက်ဖွယ် ဖြစ်လိမ့်မည်။
၁၉ မြေကြီးပေါ်ရှိပြည်သားတို့သည် သူ့ကို ရိုသေကြလိမ့်မည်၊ ထို့အတူ ဆိုကြမည်ကား၊ ဇိအုန်သည် ငါတို့ဘုရားသခင်၏ မြို့ဖြစ်၏၊ ထို့အတူ ဇိအုန်သည် ဧကန်အမှန် မကျရှုံးနိုင်၊ မိမိနေရာမှလည်း ဖယ်ရှားမခံရ၊ အကြောင်းမူကား၊ ဘုရားသခင်သည် ထိုနေရာ၌ ရှိတော်မူ၏၊ ကိုယ်တော်ရှင်၏ လက်တော်သည်လည်း ထိုနေရာ၌ ရှိတော်မူ၏။
၂၀ သူမ၏ကယ်တင်ခြင်းနှင့် သူမ၏မြင့်သောရဲတိုက်ဖြစ်နိုင်စေကြောင်း မိမိတန်ခိုးတော်အရှိန်ဖြင့် ကျိန်ဆိုတော်မူလေ၏။
၂၁ ထို့ကြောင့်၊ ကိုယ်တော်ရှင် အမှန်မိန့်တော်မူသည်ကား၊ ဇိအုန်ကို ရွှင်လန်းဝမ်းမြောက်စေလော့၊ အကြောင်းမူကား၊ ဤအရာသည် ဇိအုန်ဖြစ်၏—စိတ်နှလုံးစင်ကြယ်သောသူတို့ရှိ၏။ ထို့ကြောင့်၊ ဇိအုန်ကို ရွှင်လန်းဝမ်းမြောက်စေလော့၊ တစ်ဖက်တွင် ဆိုးညစ်သောသူတို့သည် ငိုကြွေးမြည်တမ်းကြလိမ့်မည်။
၂၂ အကြောင်းမူကား၊ ရှုလော့၊ ကြည့်ဦးလော့၊ လက်တုန့်ပြန်ခြင်းသည် ဘုရားမဲ့နေသောသူများ အပေါ်သို့ လေပွေသဖွယ် အလျင်အမြန် ကျရောက်လာလိမ့်မည်။ အဘယ်သူ လွတ်မြောက်လိမ့်မည်နည်း။
၂၃ ကိုယ်တော်ရှင်၏ဒဏ်ခတ်တော်မူခြင်းသည် ညရောနေ့ရောကျရောက်လိမ့်မည်၊ ထိုအမှု၏သတင်းစကားသည်လည်း လူအပေါင်းတို့ကို စိတ်ပူစေလိမ့်မည်။ ထိုမှတစ်ပါး၊ ကိုယ်တော်ရှင် ကြွလာတော်မူသည့်အချိန်အထိ မရပ်တန့်လတ္တံ့။
၂၄ အကြောင်းမူကား၊ သူတို့၏ စက်ဆုပ်ရွံရှာဖွယ် အမှုများနှင့် သူတို့၏ ဆိုးညစ်သော အကျင့်အပေါင်းတို့ကို ကိုယ်တော်ရှင်ဒေါသထွက်တော်မူ၏။
၂၅ သို့သော်လည်း၊ ဇိအုန်သည် သူ့ကို ငါမိန့်တော်မူလေသည့် ခပ်သိမ်းသော အရာမှန်သမျှတို့ကို လုပ်ဆောင်ရန် အားထုတ်လျှင်၊ လွတ်မြောက်လိမ့်မည်။
၂၆ သို့ရာတွင်၊ သူ့ကို ငါမိန့်တော်မူလေသည့် အရာမှန်သမျှကို လုပ်ဆောင်ရန် အားထုတ်ခြင်းမရှိလျှင်၊ ငါသည် သူ့ကို သူ၏ခပ်သိမ်းသောအကျင့်များအတိုင်း၊ ပြင်းထန်သောဆင်းရဲဒုက္ခနှင့်၊ ကာလနာဘေးနှင့်၊ ကပ်ရောဂါဘေးနှင့်၊ ဓားဘေးနှင့်၊ လက်တုန့်ပြန်ခြင်းဘေးနှင့်၊ လောင်တတ်သောမီးနှင့် ဆုံးမတော်မူမည်။
၂၇ သို့သော်လည်း၊ သူ၏ပူဇော်သက္ကာကို ငါလက်ခံတော်မူသည့်အကြောင်း၊ ဤအရာကို သူ့နားသို့ တစ်ကြိမ်ရွတ်ဖတ်ပြစေလော့။ သူသည်အပြစ်မပြုတော့လျှင်၊ ဤအရာတို့အထဲမှ အဘယ်အရာမျှ သူ့အပေါ်မကျရောက်လတ္တံ့။
၂၈ ငါသည် သူ့ကို ကောင်းချီးမင်္ဂလာများနှင့် ကောင်းချီးပေးတော်မူမည်၊ သူ့အပေါ်၊ ထို့အတူ သူ၏မျိုးဆက်တို့အပေါ် မြောက်မြားစွာသောကောင်းချီးမင်္ဂလာတို့ကို ကာလအစဉ်အဆက် အမြဲ များပြားစေမည်ဟု သင်တို့၏ဘုရားသခင်ကိုယ်တော်ရှင်မိန့်တော်မူ၏။ အာမင်။