အပိုဒ်ငယ် ၉၈
၁၈၃၃ ခု၊ ဩဂုတ်လ ၆ ရက်၊ ကာ့တ်လန်း၊ အိုဟိုင်းရို၌ ပရောဖက်ဂျိုးဇက်စမစ်အားဖြင့် ပေးတော်မူခဲ့သည့် ဗျာဒိတ်တော်။ မစ်ဆိုရီရှိ သန့်ရှင်းသူတို့အပေါ် ညှဉ်းဆဲခြင်း၏ အကျိုးဆက်အဖြစ် ဤဗျာဒိတ်တော်ရောက်လာခဲ့၏။ မစ်ဆိုရီ၌ အသင်းသားများအခြေချခြင်း တိုးပွားမှုသည် အခြားအခြေချသူအချို့ကို စိတ်ညှိုးငယ်စေ၏၊ ထိုသူတို့သည် သန့်ရှင်းသူတို့၏ အရေအတွက် အားဖြင့် နိုင်ငံရေးနှင့် စီးပွားရေးလွှမ်းမိုးမှု၊ ထို့အတူ ယဉ်ကျေးမှုဆိုင်ရာနှင့် ဘာသာရေးခြားနားချက်များ၌ ခြိမ်းခြောက်မှုများကို ခံစားကြရ၏။ ၁၈၃၃ ခု၊ ဇူလိုင်လတွင်၊ လူဆိုးတစ်ဦးသည် အသင်းတော်ဥစ္စာပစ္စည်းကို ဖျက်ဆီး၏၊ အသင်းတော်အသင်းသားနှစ်ဦးကို ကတ္တရာသုတ်ပြီး ငှက်မွေးနှင့်ဖုံး၏၊ သန့်ရှင်းသူများကို ဂျက်ဆင်ခရိုင်မှထွက်ခွာသွားရမည်ဟုလည်း တောင်းဆိုခဲ့၏။ မစ်ဆိုရီရှိပြဿနာများအကြောင်း သတင်းအချို့မှာ ကာ့တ်လန်း (မိုင်ကိုးရာအဝေး) ရှိ ပရောဖက် ထံသို့ ယုံမှားကင်းစွာရောက်လာခဲ့သော်လည်း အခြေအနေပြင်းထန်မှုကို ဤကာလ၌ သူသည် ဗျာဒိတ်တော်အားဖြင့်သာ သိနိုင်ခဲ့လေ၏။
၁–၃၊ သန့်ရှင်းသူတို့၏ ဆင်းရဲဒုက္ခများသည် သူတို့၏ ကောင်းကျိုးအတွက် ဖြစ်လိမ့်မည်။ ၄–၈၊ သန့်ရှင်းသူတို့သည် ထိုပြည်၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထောက်မကြရမည်။ ၉–၁၀၊ ရိုးသားသော၊ ဉာဏ်ပညာရှိသော၊ ထို့အတူ ကောင်းမြတ်သောသူတို့သည် လောကီရေးရာအစိုးရအတွက် ထောက်မခံကြရမည်။ ၁၁–၁၅၊ ကိုယ်တော်ရှင်၏အမှုတော်အတွက် မိမိတို့အသက်ကို စွန့်သောသူတို့သည် ထာဝရအသက်ကို ကြရလိမ့်မည်။ ၁၆–၁၈၊ စစ်တိုက်ခြင်းကို ငြင်းဆိုပြီး ငြိမ်းချမ်းခြင်းကို ကြေညာကြလော့။ ၁၉–၂၂၊ ကာ့တ်လန်းရှိ သန့်ရှင်းသူတို့သည် အပြစ်တင်ဆုံးမခံရပြီး၊ နောင်တရရန်မိန့်မှာခံကြရ၏။ ၂၃–၃၂၊ ကိုယ်တော်ရှင်သည် မိမိလူမျိုးတို့ ချမှတ်ခံရသည့် ညှဉ်းဆဲခြင်းများနှင့် ဆင်းရဲဒုက္ခများကို ထိန်းချုပ်သည့်ဥပဒေများကို ဖော်ပြ၏။ ၃၃–၃၈၊ စစ်တိုက်ခြင်းသည် ကိုယ်တော်ရှင်မိန့်တော်မူသောအခါ၌သာ အပြစ်ကင်းစေခြင်းသို့ရောက်၏။ ၃၉–၄၈၊ သန့်ရှင်းသူတို့သည် မိမိတို့ရန်သူများကို ခွင့်လွှတ်ရမည်၊ ထိုသူတို့သည် နောင်တရလျှင်၊ ကိုယ်တော်ရှင်၏လက်တုန့်ပြန်ခြင်းမှ လွတ်မြောက်လိမ့်မည်။
၁ သင်တို့ကို ငါအမှန်ဆိုသည်ကား၊ ငါ၏ အဆွေခင်ပွန်းတို့၊ ကြောက်ခြင်းမရှိနှင့်၊ သင်တို့၏ စိတ်နှလုံးကို နှစ်သိမ့်စေကြလော့။ ထိုမှတစ်ပါး၊ နောင်အစဉ်အမြဲရွှင်လန်းဝမ်းမြောက်ကြလော့၊ ထို့အတူ အရာတိုင်း၌ ကျေးဇူးတော်ချီးမွမ်းကြလော့။
၂ ကိုယ်တော်ရှင်ကို စိတ်ရှည်စွာ စောင့်နေလော့၊ အကြောင်းမူကား၊ သင်တို့၏ ဆုတောင်းခြင်းများသည် ကိုယ်တော်ရှင်ဆာဘုတ်၏ နားသို့ ဝင်ရောက်လေပြီ၊ ထို့အတူ ဤတံဆိပ်၊ သက်သေခံချက်နှင့်အတူ မှတ်တမ်းတင်ထားလေပြီ—ကိုယ်တော်ရှင်သည် ထိုအရာတို့ကို ပေးတော်မူမည့်အကြောင်း ကျိန်ဆို၍စီရင်တော်မူလေပြီ။
၃ ထို့ကြောင့်၊ သူသည် ထိုအရာတို့ပြီးပြည့်စုံစေမည့်အကြောင်း၊ မပြင်နိုင်သော ပဋိညာဉ်နှင့်အတူ ဤကတိတော်ကို သင်တို့အား ပေးတော်မူ၏။ သင်တို့ဒုက္ခရောက်ခဲ့လေသည့် ခပ်သိမ်းသောအရာတို့သည်လည်း သင်တို့ကောင်းကျိုးအတွက်၊ ထို့အတူ ငါ့နာမတော်၏ ဘုန်းတော်အဖို့ အတူတကွဖြစ်လိမ့်မည်ဟု ကိုယ်တော်ရှင် မိန့်တော်မူ၏။
၄ ယခုမူကား၊ ပြည်၏ဥပဒေများနှင့် စပ်လျဉ်း၍ သင်တို့ကို ငါအမှန်ဆိုသည်ကား၊ ငါ၏လူမျိုးတို့သည် သူတို့ကို ငါမိန့်တော်မူသည့် ခပ်သိမ်းသောအရာမှန်သမျှတို့ကို လုပ်ဆောင်ရန် အားထုတ်ရမည်မှာ ငါ၏အလိုတော်ဖြစ်၏။
၅ ဖွဲ့စည်းပုံအခြေခံဖြစ်သည့် ထိုပြည်၏ဥပဒေသည် အခွင့်အရေးများနှင့် အထူးအခွင့်အရေးများကို ထိန်းသိမ်းရာ၌ ထိုလွတ်လပ်ခွင့်အခြေခံဩဝါဒကို ထောက်မလျက်၊ လူသားအပေါင်းတို့နှင့် ဆိုင်သောအရာဖြစ်ပြီး၊ ငါ့ရှေ့၌ လက်ခံနိုင်စရာဖြစ်၏။
၆ ထို့ကြောင့်၊ ငါ၊ ကိုယ်တော်ရှင်သည် ထိုပြည်၏ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်သည့် ထိုဥပဒေကို ထောက်မရာ၌၊ သင်တို့ကို၊ ထို့အတူ ငါ့အသင်းတော်မှ သင်တို့၏ညီအစ်ကိုတို့ကို အပြစ်ကင်းစေ၏။
၇ လူသား၏ဥပဒေနှင့် စပ်ဆိုင်၍၊ ဤအရာထက် ပို၍ သို့မဟုတ် လျော့၍ရှိသောအရာ မှန်သမျှသည် မကောင်းမှုထံမှ လာ၏။
၈ ငါ၊ ကိုယ်တော်ရှင်ဘုရားသခင်သည်၊ သင်တို့ကို လွတ်လပ်စေတော်မူ၏၊ ထို့ကြောင့် သင်တို့သည် အမှန်ပင်လွတ်လပ်ကြ၏။ ဥပဒေကလည်း သင်တို့ကို လွတ်လပ်စေ၏။
၉ သို့သော်လည်း၊ ဆိုးညစ်သောသူတို့ အုပ်စိုးသောအခါ လူတို့သည် ငိုကြွေးမြည်တမ်းကြ၏။
၁၀ သို့ဖြစ်၍၊ ရိုးသားသောသူများနှင့် ဉာဏ်ပညာရှိသောသူများကို လုံ့လဝီရိယထက်သန်စွာရှာကြရမည်၊ ထို့အတူ ကောင်းမြတ်သောသူများနှင့် ဉာဏ်ပညာရှိသောသူများကို ထောက်ခံရန် သင်တို့အားထုတ်ကြရမည်။ သို့မဟုတ်လျှင် ဤသူတို့ထက် နိမ့်ကျသူမှန်သမျှသည် မကောင်းမှုထံမှ လာ၏။
၁၁ ငါသည် သင်တို့ ခပ်သိမ်းသော မကောင်းမှုကို စွန့်ပစ်၍၊ ခပ်သိမ်းသော ကောင်းမှုကို စွဲမြဲရမည့်အကြောင်း၊ ဘုရားသခင်၏ နှုတ်တော်မှ ထွက်သည့် နှုတ်ကပတ်တော်မှန်သမျှအားဖြင့် အသက်ကို မွေးရမည့်အကြောင်း သင်တို့အား ပညတ်တော်ကို ပေး၏။
၁၂ အကြောင်းမူကား၊ သူသည် သစ္စာရှိသောသူတို့အား ပညတ်တစ်ခုပြီးတစ်ခု၊ နည်းတစ်ခုပြီးတစ်ခု ပေးတော်မူလိမ့်မည်။ ငါသည်လည်း သင်တို့ကို ဤနည်းအားဖြင့် စမ်းသပ်၍ စုံစမ်းတော်မူမည်။
၁၃ ငါ၏နာမတော်အတွက် ငါ၏အမှုတော်၌ မိမိအသက်ကိုစွန့်သူမှန်သမျှသည်၊ အသက်ထာဝရရှင်ရာကိုပင် တစ်ဖန်တွေ့လိမ့်မည်။
၁၄ ထို့ကြောင့်၊ သင်တို့၏ရန်သူများကို မကြောက်ကြနှင့်၊ အကြောင်းမူကား၊ ငါ၏စိတ်နှလုံး၌ ငါစီရင်တော်မူလေပြီ၊ ကိုယ်တော်ရှင်မိန့်တော်မူသည်ကား၊ သင်တို့ကို ထိုက်တန်မှုရှိကြောင်း တွေ့ရခြင်းငှာ၊ သင်တို့သည် သေခြင်းသို့တိုင်အောင်ပင်၊ ငါ၏ပဋိညာဉ်၌ နေထိုင်မည် မနေထိုင်မည်ကို ခပ်သိမ်းသောအရာတို့၌ သင်တို့ကို ငါစုံစမ်းတော်မူမည်။
၁၅ အကြောင်းမူကား၊ သင်တို့သည် ငါ၏ပဋိညာဉ်၌ မနေထိုင်လျှင် ငါနှင့်မထိုက်တန်။
၁၆ ထို့ကြောင့်၊ စစ်တိုက်ခြင်းကို ငြင်းဆိုပြီး၊ ငြိမ်းချမ်းခြင်းကို ကြေညာကြလော့၊ ထို့အတူ လုံ့လဝီရိယထက်သက်စွာ ကြိုးစားရမည်မှာ သားသမီးတို့၏စိတ်နှလုံးကို ဘိုးဘေးတို့ဆီသို့ လည်းကောင်း၊ ဘိုးဘေးတို့၏စိတ်နှလုံးကို သားသမီးတို့ဆီသို့ လည်းကောင်း လှည့်စေခြင်းငှာ၊
၁၇ ထိုမှတစ်ဖန်၊ ငါလာ၍ မြေကြီးတစ်ခုလုံးကို ကျိန်ခြင်းဖြင့် ဒဏ်မခတ်မည့်အကြောင်း၊ ခပ်သိမ်းသော လူတို့ သည်လည်း ငါ့ရှေ့၌ မလောင်မြိုက်စေမည့်အကြောင်း၊ ယုဒလူမျိုးတို့၏စိတ်နှလုံးကို ပရောဖက်များထံသို့လည်းကောင်း၊ ပရောဖက်များကိုလည်း ယုဒလူမျိုးတို့ထံသို့လည်းကောင်း လှည့်စေခြင်းငှာပေတည်း။
၁၈ သင်တို့၏စိတ်နှလုံးကို မညှိုးငယ်စေနှင့်။ အကြောင်းမူကား၊ ငါ့ခမည်းတော်၏ အိမ်တော်၌ နေစရာအခန်း များစွာရှိ၏၊ ထို့အတူ သင်တို့အတွက် နေစရာအရပ်ကို ငါပြင်ဆင်ထားလေပြီ။ ငါ့ခမည်းတော်နှင့် ငါရှိရာအရပ်၌ သင်တို့သည်လည်း ရှိကြလိမ့်မည်။
၁၉ ရှုလော့၊ ငါ၊ ကိုယ်တော်ရှင်သည်၊ ကာ့တ်လန်းရှိ အသင်းတော်၌ရှိသောသူများစွာတို့ကို အလွန်မနှစ်သက်။
၂၀ အကြောင်းမူကား၊ သူတို့သည် သူတို့၏အပြစ်များ၊ ထို့အတူ သူတို့၏ဆိုးညစ်သောလမ်းများ၊ ထို့အတူ သူတို့၏မာနစိတ်နှလုံး၊ ထို့အတူ သူတို့၏ လောဘလွန်ကျူးခြင်း၊ ထို့အတူ သူတို့၏ ရွံရှာမုန်းတီးဖွယ်ကောင်းသောအရာအပေါင်းတို့ကို မစွန့်ပစ်ကြ၊ ထို့အတူ သူတို့ကို ငါပေးထားတော်မူလေသည့် ဉာဏ်ပညာနှင့် ထာဝရအသက်စကားတို့ကို မကျင့်စောင့်ကြ။
၂၁ သင်တို့ကို ငါအမှန်ဆိုသည်ကား၊ သူတို့သည် နောင်တမရကြ၊ သူတို့ကို ငါမိန့်တော်မူလေသည့် ခပ်သိမ်းသော အရာမှန်သမျှတို့ကို မကျင့်စောင့်ကြလျှင်၊ ငါ၊ ကိုယ်တော်ရှင်သည် သူတို့ကို ဆုံးမတော်မူမည်၊ ငါအလိုရှိတော်မူသမျှကိုလည်း ပြုတော်မူမည်။
၂၂ ထိုမှတစ်ဖန် သင်တို့ကို ငါအမှန်ဆိုသည်ကား၊ သင်တို့သည် ငါမိန့်တော်မူလေသည့် အရာမှန်သမျှကို လုပ်ဆောင်ရန် အားထုတ်ကြလျှင်၊ ငါ၊ ကိုယ်တော်ရှင်သည် ခပ်သိမ်းသောအမျက်နှင့် ဒေါသကို သင်တို့ထံမှ လွှဲတော်မူမည်၊ ငရဲ၏တံခါးတို့သည်လည်း သင်တို့ကို မနိုင်ရာ။
၂၃ ယခုတွင်၊ သင်တို့၏မိသားစုများနှင့် စပ်လျဉ်း၍ သင်တို့ကို ငါဆိုသည်ကား—လူတို့က သင်တို့ကို၊ သို့မဟုတ် သင်တို့၏မိသားစုများကို၊ တစ်ကြိမ်၊ ပြင်းစွာရိုက်ကြလျှင်၊ သင်တို့သည် စိတ်ရှည်စွာ သည်းခံကြလော့၊ ထိုသူတို့ကို ဆန့်ကျင်၍ ကဲ့ရဲ့ပြောဆိုခြင်းလည်းမပြုနှင့်၊ လက်တုံ့ပြန်ခြင်းငှာလည်း မကြိုးစားနှင့်၊ သင်တို့သည် အကျိုးကျေးဇူးကို ခံရလိမ့်မည်။
၂၄ သို့ရာတွင်၊ သင်တို့သည် ထိုအမှုကို စိတ်ရှည်စွာသည်းခံခြင်း မရှိလျှင်၊ သင်တို့အဖို့ မျှတသောအတိုင်းအထွာအဖြစ် အတိုင်းခံရသည်ဟု မှတ်ယူခံရလိမ့်မည်။
၂၅ ထိုမှတစ်ဖန်၊ သင်တို့၏ရန်သူက သင်တို့ကို ဒုတိယအကြိမ် ပြင်းစွာရိုက်လျှင်၊ သင်တို့သည် သင်တို့၏ရန်သူကို ဆန့်ကျင်၍ကဲ့ရဲ့ပြောဆိုခြင်း မပြုနှင့်၊ စိတ်ရှည်စွာ သည်းခံကြလော့၊ သင်တို့၏ အကျိုးကျေးဇူးသည် အဆတစ်ရာဖြစ်လိမ့်မည်။
၂၆ ထိုမှတစ်ဖန်၊ သူသည် သင်တို့ကို တတိယအကြိမ်ပြင်းစွာရိုက်လျှင်၊ သင်တို့သည် စိတ်ရှည်စွာ သည်းခံကြလော့၊ သင်တို့၏အကျိုးကျေးဇူးသည် နှစ်ထပ်တိုး၍ သင်တို့အဖို့ လေးဆဖြစ်လိမ့်မည်။
၂၇ ဤသက်သေခံချက်သုံးခုသည် သင်တို့၏ရန်သူနောင်တရခြင်းမရှိလျှင် သူ၏တစ်ဖက်၌ တည်ရှိလိမ့်မည်၊ ပယ်ဖျောက်ခြင်းလည်း မခံရ။
၂၈ ယခုမူကား၊ သင်တို့ကို ငါအမှန်ဆိုသည်မှာ၊ ထိုရန်သူသည် ငါ၏လက်တုံ့ပြန်ခြင်းမှ လွတ်မြောက်မည်ဆိုလျှင်၊ ငါ့ရှေ့၌ တရားစီရင်ခြင်းသို့ ဆောင်ယူမခံရ၊ ထို့နောက်တွင်၊ သင်သည် ထိုသူကို သင်တို့ထံ၊ သင်တို့မိသားစုထံ၊ သင်တို့သားသမီးတို့၏ သားသမီးတို့ထံ တတိယနှင့် စတုတ္ထမျိုးဆက်တိုင်အောင်ပင် မလာရတော့စေကြောင်း ငါ၏နာမတော်အားဖြင့် သတိပေးရမည်ကို အသေအချာပြုလော့။
၂၉ ထို့နောက်တွင်၊ သူသည် သင်တို့ထံ သို့မဟုတ် သင်တို့၏သားသမီးတို့ထံ၊ သို့မဟုတ် သင်တို့သားသမီးတို့၏ သားသမီးတို့ထံ တတိယနှင့် စတုတ္ထမျိုးဆက်တိုင်အောင် လာမည်ဆိုလျှင်၊ ငါသည် သင်တို့၏ရန်သူကို သင်တို့လက်ထဲသို့ ပေးအပ်တော်မူမည်။
၃၀ ထို့နောက်တွင် သင်သည် ထိုသူကို ချမ်းသာပေးလျှင်၊ သင်သည် သင်၏ ဖြောင့်မတ်ခြင်းအတွက် အကျိုးကျေးဇူးကို ခံရလိမ့်မည်။ သင်၏ သားသမီးတို့နှင့် သင့်သားသမီးတို့၏ သားသမီးတို့သည်လည်း တတိယနှင့် စတုတ္ထမျိုးဆက်တိုင်အောင် အကျိုးကျေးဇူးကို ခံရလိမ့်မည်။
၃၁ သို့သော်လည်း၊ သင်၏ရန်သူသည် သင်၏လက်ထဲ၌ ရှိ၏။ သင်သည် ထိုသူကို သူ၏ အကျင့်များအတိုင်း အကျိုးကျေးဇူးကို ပေးလျှင်၊ သင်သည် အပြစ်ကင်းစေခြင်းသို့ ရောက်၏။ ထိုသူက သင်၏ အသက်ကို သတ်ရန်ကြိုးစားလျှင်၊ သင်၏ အသက်သည် ထိုသူအားဖြင့် အန္တရာယ်ဖြစ်စေလိမ့်မည်၊ သင်၏ရန်သူသည် သင်၏လက်ထဲ၌ရှိ၍ သင်သည် အပြစ်ကင်းစေခြင်းသို့ ရောက်၏။
၃၂ ရှုလော့၊ ဤအရာသည် ငါ့ကျွန်နီဖိုင်း၊ ထို့အတူ သင်၏ဘိုးဘေးများဖြစ်သည့် ယောသပ်၊ ထို့အတူ ယာကုပ်၊ ထို့အတူ ဣဇာက်၊ ထို့အတူ အာဗြဟံ၊ ထို့အတူ ငါ၏ ခပ်သိမ်းသော ရှေးပရောဖက်များနှင့် တမန်တော်များကို ငါပေးခဲ့သည့် ဥပဒေဖြစ်၏။
၃၃ ထိုမှတစ်ဖန်၊ ဤအရာသည် ငါ၏ရှေးလူမျိုးတို့အား ငါပေးခဲ့သည့် ဥပဒေဖြစ်၏၊ သူတို့ကို ငါ၊ ကိုယ်တော်ရှင် မိန့်တော်မမူလျှင်၊ သူတို့သည် အဘယ်ပြည်သား၊ အမျိုးစု၊ အသီးသီးဘာသာစကားကို ပြောသူ၊ သို့မဟုတ် လူမျိုးကိုမျှ စစ်မတိုက်ရမည့်အကြောင်းပေတည်း။
၃၄ အဘယ်ပြည်သား၊ အသီးသီးဘာသာစကားကိုပြောသူ၊ သို့မဟုတ် လူမျိုးကပင်ဖြစ်စေ သူတို့တစ်ဖက်၌ စစ်တိုက်ခြင်းကို ကြေညာလျှင်၊ သူတို့သည် ထိုလူမျိုး၊ ပြည်သား၊ သို့မဟုတ် အသီးသီးဘာသာစကားကို ပြောသူထံသို့ ငြိမ်းချမ်းခြင်းအလံကို ပထမဦးဆုံးထူရမည်။
၃၅ ထိုလူမျိုးသည်၊ ငြိမ်းချမ်းခြင်းကမ်းလှမ်းချက်ကို လက်မခံလျှင်၊ ဒုတိယအကြိမ်၌လည်းကောင်း၊ တတိယအကြိမ်၌လည်းကောင်း လက်မခံလျှင်၊ သူတို့သည် ဤသက်သေခံချက်များကို ကိုယ်တော်ရှင်ရှေ့သို့ ဆောင်ယူလာရမည်။
၃၆ ထို့နောက်တွင်၊ ငါ၊ ကိုယ်တော်ရှင်သည် သူတို့အား ပညတ်တော်ကိုပေး၍၊ ထိုပြည်သား၊ အသီးသီးဘာသာစကားကိုပြောသူ၊ သို့မဟုတ် လူမျိုးတို့ကို စစ်တိုက်ရာ၌ သူတို့ကို အပြစ်ကင်းစေမည်။
၃၇ ငါ၊ ကိုယ်တော်ရှင်သည် သူတို့၏တိုက်ပွဲများ၊ ထို့အတူ သူတို့သားသမီးတို့၏တိုက်ပွဲများ၊ ထို့အတူ သူတို့၏သားသမီးတို့သားသမီးများ၏တိုက်ပွဲများကို သူတို့၏ခပ်သိမ်းသောရန်သူတို့အပေါ် သူတို့ကိုယ်တိုင်လက်တုံ့ပြန်သည်အထိ၊ တတိယနှင့် စတုတ္ထမျိုးဆက်တိုင်အောင် တိုက်မည်။
၃၈ ရှုလော့၊ ဤအရာသည် ခပ်သိမ်းသောလူမျိုးတို့အဖို့၊ ငါ့ရှေ့၌ အပြစ်ကင်းစေခြင်းအတွက်၊ ပုံသက်သေတစ်ခုဖြစ်၏ဟု သင်တို့၏ဘုရားသခင်ကိုယ်တော်ရှင် မိန့်တော်မူ၏။
၃၉ ထိုမှတစ်ဖန်၊ သင်တို့ကို ငါအမှန်ဆိုသည်ကား၊ သင်၏ရန်သူသည် သင့်ထံ ပထမအကြိမ် လာပြီးနောက်၊ နောင်တရ၍ သင်၏ခွင့်လွှတ်ခြင်းကို တောင်းလျက် သင့်ထံသို့လာလျှင်၊ သင်သည် သူ့ကို ခွင့်လွှတ်ရမည်၊ သင်၏ရန်သူတစ်ဖက်၌ သက်သေခံချက်အဖြစ် မမှတ်ယူရတော့—
၄၀ ထိုကဲ့သို့အားဖြင့် ဒုတိယနှင့် တတိယအကြိမ်ပြုပြီး၊ သင်၏ရန်သူသည် သင့်ကိုဆန့်ကျင်၍ သူလွန်ကျူးသည့် လွန်ကျူးခြင်းမှ အကြိမ်ကြိမ်နောင်တရသမျှ သင်သည် ထိုသူကို အကြိမ်ခုနစ်ဆယ်ခုနစ်လီတိုင်အောင် ခွင့်လွှတ်ရမည်။
၄၁ သူသည် သင့်ကို ဆန့်ကျင်၍လွန်ကျူးပြီး ပထမအကြိမ်နောင်တရခြင်းမရှိလျှင်သော်လည်း သင်သည် သူ့ကို ခွင့်လွှတ်ရမည်။
၄၂ သူသည် သင့်ကို ဆန့်ကျင်၍ ဒုတိယအကြိမ်လွန်ကျူးပြီး နောင်တရခြင်းမရှိလျှင်သော်လည်း သင်သည် သူ့ကို ခွင့်လွှတ်ရမည်။
၄၃ သူသည် သင့်ကို ဆန့်ကျင်၍ တတိယအကြိမ်လွန်ကျူးပြီး နောင်တရခြင်းမရှိလျှင်လည်း သင်သည် သူ့ကို ခွင့်လွှတ်ရမည်။
၄၄ သို့ရာတွင် သူသည် သင့်ကို ဆန့်ကျင်၍ စတုတ္ထအကြိမ် လွန်ကျူးလျှင်၊ သင်သည် သူ့ကို ခွင့်မလွှတ်ဘဲ ဤသက်သေခံချက်များကို ကိုယ်တော်ရှင်ရှေ့သို့ ဆောင်ယူလာရမည်။ သူနောင်တရပြီး၊ သင့်ကို ဆန့်ကျင်၍ သူလွန်ကျူးသည့် ခပ်သိမ်းသောအရာတို့ကို သင့်အား လေးဆပြန်ပေးသည်အထိ ထိုအရာတို့ကို မပယ်ဖျောက်ရ။
၄၅ သူဤသို့ပြုလျှင်၊ သင်သည် သူ့ကို သင်၏စိတ်နှလုံးအကြွင်းမဲ့ဖြင့် ခွင့်လွှတ်ရမည်၊ သူဤသို့မပြုလျှင်၊ ငါ၊ ကိုယ်တော်ရှင်သည် သင်၏ရန်သူကို သင်၏ကိုယ်စား၊ အဆတစ်ရာ လက်တုံ့ပြန်မည်။
၄၆ သူ၏သားသမီးတို့အပေါ်၊ ထို့အတူ ငါ့ကိုမုန်းသည့် သူ့သားသမီးတို့၏သားသမီးတို့အပေါ် တတိယနှင့် စတုတ္ထမျိုးဆက်တိုင်အောင်ပင်တည်း။
၄၇ သို့ရာတွင်၊ သားသမီးတို့၊ သို့မဟုတ် သားသမီးတို့၏သားသမီးတို့ နောင်တရ၍၊ သူတို့၏ ဘုရားသခင်ကိုယ်တော်ရှင်ထံသို့၊ သူတို့၏စိတ်နှလုံးအကြွင်းမဲ့ဖြင့်၊ သူတို့၏အစွမ်းသတ္တိ၊ စိတ်နှင့် ခွန်အားရှိသမျှဖြင့် လှည့်ကြ၊ ထို့အတူ သူတို့လွန်ကျူးလေသည့်၊ သို့မဟုတ် သူတို့ဘိုးဘေးတို့ လွန်ကျူးလေသည့်၊ သို့မဟုတ် သူတို့ဘိုးဘေးတို့၏ဘိုးဘေးတို့လွန်ကျူးလေသည့် သူတို့၏ ခပ်သိမ်းသော လွန်ကျူးခြင်းတို့ကို လေးဆပြန်ပေးလျှင်၊ ထို့နောက်တွင် သင်၏ဒေါသကို ငြိမ်းစေရမည်။
၄၈ လက်တုံ့ပြန်ခြင်းသည် သူတို့အပေါ် မလာရတော့ဟု သင်၏ဘုရားသခင် ကိုယ်တော်ရှင်မိန့်တော်မူ၏၊ သူတို့၏လွန်ကျူးခြင်းတို့ကိုလည်း သူတို့တစ်ဖက်၌ ကိုယ်တော်ရှင်ရှေ့သို့ သက်သေခံချက်တစ်ခုအဖြစ် အဘယ်တော့မျှ နောက်ထပ်၍ဆောင်ယူမခံရတော့။ အာမင်။