ကျမ်းစာများ
ဩဝါဒနှင့် ပဋိညာဉ်များ ၉၈


အပိုဒ်ငယ် ၉၈

၁၈၃၃ ခု၊ ဩဂုတ်လ ၆ ရက်၊ ကာ့တ်လန်း၊ အိုဟိုင်းရို၌ ပရောဖက်​ဂျိုးဇက်​စမစ်​အားဖြင့် ပေးတော်မူ​ခဲ့သည့် ဗျာဒိတ်တော်။ မစ်ဆိုရီရှိ သန့်ရှင်းသူတို့​အပေါ် ညှဉ်းဆဲ​ခြင်း၏ အကျိုးဆက်​အဖြစ် ဤ​ဗျာဒိတ်တော်​ရောက်လာ​ခဲ့၏။ မစ်ဆိုရီ၌ အသင်းသားများ​အခြေချခြင်း တိုးပွားမှုသည် အခြား​အခြေချသူ​အချို့ကို စိတ်​ညှိုးငယ်​စေ၏၊ ထိုသူတို့သည် သန့်ရှင်းသူတို့၏ အရေအတွက် အားဖြင့် နိုင်ငံရေးနှင့် စီးပွားရေး​လွှမ်းမိုးမှု၊ ထို့အတူ ယဉ်ကျေးမှု​ဆိုင်ရာနှင့် ဘာသာရေး​ခြားနားချက်များ၌ ခြိမ်းခြောက်မှုများကို ခံစားကြရ၏။ ၁၈၃၃ ခု၊ ဇူလိုင်လတွင်၊ လူဆိုး​တစ်ဦးသည် အသင်းတော်​ဥစ္စာပစ္စည်းကို ဖျက်ဆီး၏၊ အသင်းတော်​အသင်းသား​နှစ်ဦးကို ကတ္တရာ​သုတ်ပြီး ငှက်မွေးနှင့်​ဖုံး၏၊ သန့်ရှင်းသူများကို ဂျက်ဆင်​ခရိုင်မှ​ထွက်ခွာ​သွားရမည်​ဟုလည်း တောင်းဆို​ခဲ့၏။ မစ်ဆိုရီရှိ​ပြဿနာများ​အကြောင်း သတင်း​အချို့မှာ ကာ့တ်လန်း (မိုင်ကိုးရာအဝေး) ရှိ ပရောဖက် ထံသို့ ယုံမှား​ကင်းစွာ​ရောက်လာခဲ့​သော်လည်း အခြေအနေ​ပြင်းထန်မှုကို ဤကာလ၌ သူသည် ဗျာဒိတ်တော်​အားဖြင့်သာ သိနိုင်ခဲ့​လေ၏။

၁–၃၊ သန့်ရှင်းသူတို့၏ ဆင်းရဲဒုက္ခများသည် သူတို့၏ ကောင်းကျိုး​အတွက် ဖြစ်လိမ့်မည်။ ၄–၈၊ သန့်ရှင်းသူတို့သည် ထိုပြည်၏ ဖွဲ့စည်းပုံ​အခြေခံဥပဒေကို ထောက်မကြရမည်။ ၉–၁၀၊ ရိုးသားသော၊ ဉာဏ်ပညာရှိသော၊ ထို့အတူ ကောင်းမြတ်သော​သူတို့သည် လောကီ​ရေးရာ​အစိုးရ​အတွက် ထောက်မ​ခံကြရမည်။ ၁၁–၁၅၊ ကိုယ်တော်ရှင်၏​အမှုတော်​အတွက် မိမိတို့​အသက်ကို စွန့်သော​သူတို့သည် ထာဝရ​အသက်ကို ကြရ​လိမ့်မည်။ ၁၆–၁၈၊ စစ်တိုက်ခြင်းကို ငြင်းဆိုပြီး ငြိမ်းချမ်းခြင်းကို ကြေညာကြလော့။ ၁၉–၂၂၊ ကာ့တ်လန်းရှိ သန့်ရှင်းသူတို့သည် အပြစ်တင်​ဆုံးမ​ခံရပြီး၊ နောင်တရရန်​မိန့်မှာ​ခံကြရ၏။ ၂၃–၃၂၊ ကိုယ်တော်ရှင်သည် မိမိလူမျိုးတို့ ချမှတ်​ခံရသည့် ညှဉ်းဆဲခြင်းများနှင့် ဆင်းရဲ​ဒုက္ခများကို ထိန်းချုပ်သည့်​ဥပဒေများကို ဖော်ပြ၏။ ၃၃–၃၈၊ စစ်တိုက်ခြင်းသည် ကိုယ်တော်ရှင်​မိန့်တော်မူသော​အခါ၌သာ အပြစ်​ကင်းစေခြင်းသို့​ရောက်၏။ ၃၉–၄၈၊ သန့်ရှင်းသူတို့သည် မိမိတို့ရန်သူများကို ခွင့်လွှတ်ရမည်၊ ထိုသူတို့သည် နောင်တရလျှင်၊ ကိုယ်တော်ရှင်၏​လက်တုန့်ပြန်ခြင်းမှ လွတ်မြောက်​လိမ့်မည်။

သင်တို့ကို ငါ​အမှန်​ဆိုသည်ကား၊ ငါ၏ အဆွေခင်ပွန်းတို့၊ ကြောက်ခြင်းမရှိနှင့်၊ သင်တို့၏ စိတ်နှလုံးကို နှစ်သိမ့်စေ​ကြလော့။ ထိုမှတစ်ပါး၊ နောင်​အစဉ်​အမြဲ​ရွှင်လန်း​ဝမ်းမြောက်​ကြလော့၊ ထို့အတူ အရာတိုင်း၌ ကျေးဇူးတော်​ချီးမွမ်း​ကြလော့။

ကိုယ်တော်ရှင်ကို စိတ်ရှည်စွာ စောင့်နေလော့၊ အကြောင်း​မူကား၊ သင်တို့၏ ဆုတောင်းခြင်းများသည် ကိုယ်တော်ရှင်​ဆာဘုတ်၏ နားသို့ ဝင်ရောက်​လေပြီ၊ ထို့အတူ ဤတံဆိပ်၊ သက်သေခံချက်နှင့်​အတူ မှတ်တမ်းတင်​ထားလေပြီ—ကိုယ်တော်ရှင်သည် ထိုအရာတို့ကို ပေးတော်​မူမည့်​အကြောင်း ကျိန်ဆို၍​စီရင်​တော်မူ​လေပြီ။

ထို့ကြောင့်၊ သူသည် ထိုအရာတို့​ပြီးပြည့်စုံ​စေမည့်​အကြောင်း၊ မပြင်​နိုင်သော ပဋိညာဉ်နှင့်​အတူ ဤ​ကတိတော်ကို သင်တို့အား ပေးတော်မူ၏။ သင်တို့​ဒုက္ခရောက်ခဲ့​လေသည့် ခပ်သိမ်းသော​အရာတို့​သည်လည်း သင်တို့​ကောင်းကျိုး​အတွက်၊ ထို့အတူ ငါ့နာမတော်၏ ဘုန်းတော်​အဖို့ အတူတကွ​ဖြစ်လိမ့်မည်ဟု ကိုယ်တော်ရှင် မိန့်တော်မူ၏။

ယခုမူကား၊ ပြည်၏​ဥပဒေများနှင့် စပ်လျဉ်း၍ သင်တို့ကို ငါ​အမှန်​ဆိုသည်ကား၊ ငါ၏​လူမျိုးတို့သည် သူတို့ကို ငါ​မိန့်တော်မူသည့် ခပ်သိမ်းသော​အရာ​မှန်သမျှတို့ကို လုပ်ဆောင်ရန် အားထုတ်ရ​မည်မှာ ငါ၏​အလိုတော်​ဖြစ်၏။

ဖွဲ့စည်းပုံ​အခြေခံ​ဖြစ်သည့် ထိုပြည်၏​ဥပဒေသည် အခွင့်အရေးများနှင့် အထူး​အခွင့်အရေးများကို ထိန်းသိမ်းရာ၌ ထိုလွတ်လပ်ခွင့်​အခြေခံ​ဩဝါဒကို ထောက်မလျက်၊ လူသားအပေါင်းတို့​နှင့် ဆိုင်သောအရာ​ဖြစ်ပြီး၊ ငါ့ရှေ့၌ လက်ခံနိုင်စရာ​ဖြစ်၏။

ထို့ကြောင့်၊ ငါ၊ ကိုယ်တော်ရှင်သည် ထိုပြည်၏​ဖွဲ့စည်းပုံ​အခြေခံဥပဒေ​ဖြစ်သည့် ထိုဥပဒေကို ထောက်မ​ရာ၌၊ သင်တို့ကို၊ ထို့အတူ ငါ့အသင်းတော်မှ သင်တို့၏​ညီအစ်ကိုတို့ကို အပြစ်ကင်း​စေ၏။

လူသား၏​ဥပဒေနှင့် စပ်ဆိုင်၍၊ ဤအရာထက် ပို၍ သို့မဟုတ် လျော့၍​ရှိသောအရာ မှန်သမျှသည် မကောင်းမှု​ထံမှ လာ၏။

ငါ၊ ကိုယ်တော်ရှင်​ဘုရားသခင်သည်၊ သင်တို့ကို လွတ်လပ်စေ​တော်မူ၏၊ ထို့ကြောင့် သင်တို့သည် အမှန်ပင်​လွတ်လပ်ကြ၏။ ဥပဒေကလည်း သင်တို့ကို လွတ်လပ်စေ၏။

သို့သော်လည်း၊ ဆိုးညစ်သောသူတို့ အုပ်စိုးသောအခါ လူတို့သည် ငိုကြွေး​မြည်တမ်း​ကြ၏။

၁၀ သို့ဖြစ်၍၊ ရိုးသားသော​သူများနှင့် ဉာဏ်ပညာရှိသော​သူများကို လုံ့လ​ဝီရိယ​ထက်သန်စွာ​ရှာကြရမည်၊ ထို့အတူ ကောင်းမြတ်သော​သူများနှင့် ဉာဏ်ပညာရှိသော​သူများကို ထောက်ခံရန် သင်တို့​အားထုတ်ကြရမည်။ သို့မဟုတ်လျှင် ဤသူတို့ထက် နိမ့်ကျသူ​မှန်သမျှသည် မကောင်းမှုထံမှ လာ၏။

၁၁ ငါသည် သင်တို့ ခပ်သိမ်းသော မကောင်းမှုကို စွန့်ပစ်၍၊ ခပ်သိမ်းသော ကောင်းမှုကို စွဲမြဲ​ရမည့်​အကြောင်း၊ ဘုရားသခင်၏ နှုတ်တော်မှ ထွက်သည့် နှုတ်ကပတ်တော်​မှန်သမျှ​အားဖြင့် အသက်ကို မွေးရမည့်​အကြောင်း သင်တို့အား ပညတ်တော်ကို ပေး၏။

၁၂ အကြောင်း​မူကား၊ သူသည် သစ္စာ​ရှိသော​သူတို့အား ပညတ်​တစ်ခုပြီး​တစ်ခု၊ နည်း​တစ်ခုပြီး​တစ်ခု ပေးတော်မူ​လိမ့်မည်။ ငါသည်လည်း သင်တို့ကို ဤနည်း​အားဖြင့် စမ်းသပ်၍ စုံစမ်း​တော်မူ​မည်။

၁၃ ငါ၏​နာမတော်​အတွက် ငါ၏​အမှုတော်၌ မိမိ​အသက်ကို​စွန့်သူ​မှန်သမျှသည်၊ အသက်​ထာဝရ​ရှင်ရာကိုပင် တစ်ဖန်​တွေ့လိမ့်မည်။

၁၄ ထို့ကြောင့်၊ သင်တို့၏​ရန်သူများကို မကြောက်​ကြနှင့်၊ အကြောင်း​မူကား၊ ငါ၏​စိတ်နှလုံး၌ ငါ​စီရင်​တော်မူ​လေပြီ၊ ကိုယ်တော်ရှင်​မိန့်တော်မူ​သည်ကား၊ သင်တို့ကို ထိုက်တန်မှု​ရှိကြောင်း တွေ့ရခြင်းငှာ၊ သင်တို့သည် သေခြင်းသို့​တိုင်အောင်ပင်၊ ငါ၏​ပဋိညာဉ်၌ နေထိုင်မည် မနေထိုင်မည်ကို ခပ်သိမ်းသော​အရာတို့၌ သင်တို့ကို ငါ​စုံစမ်း​တော်မူမည်။

၁၅ အကြောင်း​မူကား၊ သင်တို့သည် ငါ၏​ပဋိညာဉ်၌ မနေထိုင်လျှင် ငါနှင့်​မထိုက်တန်။

၁၆ ထို့ကြောင့်၊ စစ်တိုက်ခြင်းကို ငြင်းဆိုပြီး၊ ငြိမ်းချမ်းခြင်းကို ကြေညာ​ကြလော့၊ ထို့အတူ လုံ့လ​ဝီရိယ​ထက်သက်စွာ ကြိုးစားရ​မည်မှာ သားသမီးတို့၏​စိတ်နှလုံးကို ဘိုးဘေးတို့​ဆီသို့ လည်းကောင်း၊ ဘိုးဘေးတို့၏​စိတ်နှလုံးကို သားသမီးတို့​ဆီသို့ လည်းကောင်း လှည့်စေခြင်းငှာ၊

၁၇ ထိုမှ​တစ်ဖန်၊ ငါ​လာ၍ မြေကြီး​တစ်ခုလုံးကို ကျိန်ခြင်းဖြင့် ဒဏ်မခတ်မည့်​အကြောင်း၊ ခပ်သိမ်းသော လူတို့ သည်လည်း ငါ့ရှေ့၌ မလောင်မြိုက်​စေမည့်​အကြောင်း၊ ယုဒလူမျိုးတို့၏​စိတ်နှလုံးကို ပရောဖက်များထံသို့​လည်းကောင်း၊ ပရောဖက်များကိုလည်း ယုဒလူမျိုးတို့​ထံသို့လည်းကောင်း လှည့်စေခြင်းငှာ​ပေတည်း။

၁၈ သင်တို့၏​စိတ်နှလုံးကို မညှိုးငယ်​စေနှင့်။ အကြောင်း​မူကား၊ ငါ့ခမည်းတော်၏ အိမ်တော်၌ နေစရာ​အခန်း များစွာ​ရှိ၏၊ ထို့အတူ သင်တို့​အတွက် နေစရာ​အရပ်ကို ငါ​ပြင်ဆင်ထား​လေပြီ။ ငါ့ခမည်းတော်နှင့် ငါ​ရှိရာ​အရပ်၌ သင်တို့သည်လည်း ရှိကြ​လိမ့်မည်။

၁၉ ရှုလော့၊ ငါ၊ ကိုယ်တော်ရှင်သည်၊ ကာ့တ်လန်းရှိ အသင်းတော်၌​ရှိသောသူ​များစွာတို့ကို အလွန်​မနှစ်သက်။

၂၀ အကြောင်း​မူကား၊ သူတို့သည် သူတို့၏​အပြစ်များ၊ ထို့အတူ သူတို့၏​ဆိုးညစ်သော​လမ်းများ၊ ထို့အတူ သူတို့၏​မာန​စိတ်နှလုံး၊ ထို့အတူ သူတို့၏ လောဘ​လွန်ကျူးခြင်း၊ ထို့အတူ သူတို့၏ ရွံရှာ​မုန်းတီးဖွယ်​ကောင်းသော​အရာ​အပေါင်းတို့ကို မစွန့်ပစ်ကြ၊ ထို့အတူ သူတို့ကို ငါ​ပေးထား​တော်မူ​လေသည့် ဉာဏ်ပညာနှင့် ထာဝရ​အသက်​စကားတို့ကို မကျင့်စောင့်ကြ။

၂၁ သင်တို့ကို ငါ​အမှန်​ဆိုသည်ကား၊ သူတို့သည် နောင်တ​မရကြ၊ သူတို့ကို ငါ​မိန့်တော်မူ​လေသည့် ခပ်သိမ်းသော အရာ​မှန်သမျှ​တို့ကို မကျင့်စောင့်ကြလျှင်၊ ငါ၊ ကိုယ်တော်ရှင်သည် သူတို့ကို ဆုံးမ​တော်မူမည်၊ ငါ​အလိုရှိ​တော်မူ​သမျှကိုလည်း ပြုတော်မူမည်။

၂၂ ထိုမှ​တစ်ဖန် သင်တို့ကို ငါ​အမှန်​ဆိုသည်ကား၊ သင်တို့သည် ငါ​မိန့်တော်မူ​လေသည့် အရာ​မှန်သမျှကို လုပ်ဆောင်ရန် အားထုတ်​ကြလျှင်၊ ငါ၊ ကိုယ်တော်ရှင်သည် ခပ်သိမ်းသော​အမျက်နှင့် ဒေါသကို သင်တို့ထံမှ လွှဲတော်မူမည်၊ ငရဲ၏​တံခါးတို့သည်လည်း သင်တို့ကို မနိုင်ရာ။

၂၃ ယခုတွင်၊ သင်တို့၏​မိသားစုများနှင့် စပ်လျဉ်း၍ သင်တို့ကို ငါ​ဆိုသည်ကား—လူတို့က သင်တို့ကို၊ သို့မဟုတ် သင်တို့၏​မိသားစုများကို၊ တစ်ကြိမ်၊ ပြင်းစွာ​ရိုက်ကြလျှင်၊ သင်တို့သည် စိတ်ရှည်စွာ သည်းခံကြလော့၊ ထိုသူတို့ကို ဆန့်ကျင်၍ ကဲ့ရဲ့​ပြောဆိုခြင်းလည်း​မပြုနှင့်၊ လက်တုံ့ပြန်ခြင်း​ငှာလည်း မကြိုးစားနှင့်၊ သင်တို့သည် အကျိုး​ကျေးဇူးကို ခံရ​လိမ့်မည်။

၂၄ သို့ရာတွင်၊ သင်တို့သည် ထိုအမှုကို စိတ်ရှည်စွာ​သည်းခံခြင်း မရှိလျှင်၊ သင်တို့အဖို့ မျှတသော​အတိုင်း​အထွာ​အဖြစ် အတိုင်း​ခံရသည်ဟု မှတ်ယူ​ခံရ​လိမ့်မည်။

၂၅ ထိုမှ​တစ်ဖန်၊ သင်တို့၏​ရန်သူက သင်တို့ကို ဒုတိယအကြိမ် ပြင်းစွာ​ရိုက်လျှင်၊ သင်တို့သည် သင်တို့၏​ရန်သူကို ဆန့်ကျင်၍​ကဲ့ရဲ့ပြောဆိုခြင်း မပြုနှင့်၊ စိတ်ရှည်စွာ သည်းခံ​ကြလော့၊ သင်တို့၏ အကျိုး​ကျေးဇူးသည် အဆ​တစ်ရာ​ဖြစ်လိမ့်မည်။

၂၆ ထိုမှ​တစ်ဖန်၊ သူသည် သင်တို့ကို တတိယအကြိမ်​ပြင်းစွာ​ရိုက်လျှင်၊ သင်တို့သည် စိတ်ရှည်စွာ သည်းခံ​ကြလော့၊ သင်တို့၏​အကျိုး​ကျေးဇူးသည် နှစ်ထပ်တိုး၍ သင်တို့အဖို့ လေးဆ​ဖြစ်လိမ့်မည်။

၂၇ ဤ​သက်သေခံချက်​သုံးခုသည် သင်တို့၏​ရန်သူ​နောင်တရခြင်း​မရှိလျှင် သူ၏​တစ်ဖက်၌ တည်ရှိ​လိမ့်မည်၊ ပယ်ဖျောက်ခြင်းလည်း မခံရ။

၂၈ ယခုမူကား၊ သင်တို့ကို ငါ​အမှန်​ဆိုသည်မှာ၊ ထိုရန်သူသည် ငါ၏​လက်တုံ့ပြန်ခြင်းမှ လွတ်မြောက်မည်​ဆိုလျှင်၊ ငါ့ရှေ့၌ တရား​စီရင်ခြင်းသို့ ဆောင်ယူ​မခံရ၊ ထို့နောက်တွင်၊ သင်သည် ထိုသူကို သင်တို့ထံ၊ သင်တို့​မိသားစုထံ၊ သင်တို့သားသမီးတို့၏ သားသမီးတို့ထံ တတိယနှင့် စတုတ္ထ​မျိုးဆက်​တိုင်အောင်ပင် မလာရတော့​စေကြောင်း ငါ၏​နာမတော်​အားဖြင့် သတိပေးရမည်ကို အသေ​အချာပြုလော့။

၂၉ ထို့နောက်တွင်၊ သူသည် သင်တို့ထံ သို့မဟုတ် သင်တို့၏​သားသမီးတို့ထံ၊ သို့မဟုတ် သင်တို့သားသမီးတို့၏ သားသမီးတို့ထံ တတိယနှင့် စတုတ္ထ​မျိုးဆက်​တိုင်အောင် လာမည်​ဆိုလျှင်၊ ငါသည် သင်တို့၏​ရန်သူကို သင်တို့​လက်ထဲသို့ ပေးအပ်တော်မူမည်။

၃၀ ထို့နောက်တွင် သင်သည် ထိုသူကို ချမ်းသာပေးလျှင်၊ သင်သည် သင်၏ ဖြောင့်မတ်ခြင်း​အတွက် အကျိုး​ကျေးဇူးကို ခံရ​လိမ့်မည်။ သင်၏ သားသမီးတို့နှင့် သင့်သားသမီးတို့၏ သားသမီးတို့​သည်လည်း တတိယနှင့် စတုတ္ထ​မျိုးဆက်​တိုင်အောင် အကျိုး​ကျေးဇူးကို ခံရ​လိမ့်မည်။

၃၁ သို့သော်လည်း၊ သင်၏​ရန်သူသည် သင်၏​လက်ထဲ၌ ရှိ၏။ သင်သည် ထိုသူကို သူ၏ အကျင့်များ​အတိုင်း အကျိုး​ကျေးဇူးကို ပေးလျှင်၊ သင်သည် အပြစ်ကင်း​စေခြင်းသို့ ရောက်၏။ ထိုသူက သင်၏ အသက်ကို သတ်ရန်​ကြိုးစားလျှင်၊ သင်၏ အသက်သည် ထိုသူအားဖြင့် အန္တရာယ်​ဖြစ်စေ​လိမ့်မည်၊ သင်၏​ရန်သူသည် သင်၏​လက်ထဲ၌​ရှိ၍ သင်သည် အပြစ်ကင်း​စေခြင်းသို့ ရောက်၏။

၃၂ ရှုလော့၊ ဤအရာသည် ငါ့ကျွန်​နီဖိုင်း၊ ထို့အတူ သင်၏​ဘိုးဘေးများ​ဖြစ်သည့် ယောသပ်၊ ထို့အတူ ယာကုပ်၊ ထို့အတူ ဣဇာက်၊ ထို့အတူ အာဗြဟံ၊ ထို့အတူ ငါ၏ ခပ်သိမ်းသော ရှေးပရောဖက်များနှင့် တမန်တော်များကို ငါပေးခဲ့သည့် ဥပဒေ​ဖြစ်၏။

၃၃ ထိုမှ​တစ်ဖန်၊ ဤအရာသည် ငါ၏​ရှေးလူမျိုးတို့အား ငါပေးခဲ့သည့် ဥပဒေဖြစ်၏၊ သူတို့ကို ငါ၊ ကိုယ်တော်ရှင် မိန့်တော်မမူလျှင်၊ သူတို့သည် အဘယ်ပြည်သား၊ အမျိုးစု၊ အသီးသီးဘာသာစကားကို ပြောသူ၊ သို့မဟုတ် လူမျိုးကိုမျှ စစ်​မတိုက်ရမည့်​အကြောင်း​ပေတည်း။

၃၄ အဘယ်​ပြည်သား၊ အသီးသီး​ဘာသာစကားကို​ပြောသူ၊ သို့မဟုတ် လူမျိုး​ကပင်​ဖြစ်စေ သူတို့​တစ်ဖက်၌ စစ်တိုက်ခြင်းကို ကြေညာလျှင်၊ သူတို့သည် ထိုလူမျိုး၊ ပြည်သား၊ သို့မဟုတ် အသီးသီး​ဘာသာစကားကို ပြောသူ​ထံသို့ ငြိမ်းချမ်းခြင်း​အလံကို ပထမဦးဆုံး​ထူရမည်။

၃၅ ထိုလူမျိုးသည်၊ ငြိမ်းချမ်းခြင်း​ကမ်းလှမ်းချက်ကို လက်မခံလျှင်၊ ဒုတိယ​အကြိမ်၌​လည်းကောင်း၊ တတိယ​အကြိမ်၌​လည်းကောင်း လက်မခံလျှင်၊ သူတို့သည် ဤ​သက်သေခံချက်​များကို ကိုယ်တော်ရှင်​ရှေ့သို့ ဆောင်ယူ​လာရမည်။

၃၆ ထို့နောက်တွင်၊ ငါ၊ ကိုယ်တော်ရှင်သည် သူတို့အား ပညတ်တော်ကို​ပေး၍၊ ထိုပြည်သား၊ အသီးသီး​ဘာသာစကားကို​ပြောသူ၊ သို့မဟုတ် လူမျိုးတို့ကို စစ်တိုက်ရာ၌ သူတို့ကို အပြစ်​ကင်းစေမည်။

၃၇ ငါ၊ ကိုယ်တော်ရှင်သည် သူတို့၏​တိုက်ပွဲများ၊ ထို့အတူ သူတို့​သားသမီးတို့၏​တိုက်ပွဲများ၊ ထို့အတူ သူတို့၏​သားသမီးတို့​သားသမီးများ၏​တိုက်ပွဲများကို သူတို့၏​ခပ်သိမ်းသော​ရန်သူတို့အပေါ် သူတို့ကိုယ်တိုင်​လက်တုံ့ပြန်သည်​အထိ၊ တတိယနှင့် စတုတ္ထ​မျိုးဆက်တိုင်အောင် တိုက်မည်။

၃၈ ရှုလော့၊ ဤအရာသည် ခပ်သိမ်းသောလူမျိုးတို့​အဖို့၊ ငါ့ရှေ့၌ အပြစ်ကင်း​စေခြင်း​အတွက်၊ ပုံသက်သေ​တစ်ခု​ဖြစ်၏ဟု သင်တို့၏​ဘုရားသခင်​ကိုယ်တော်ရှင် မိန့်တော်မူ၏။

၃၉ ထိုမှ​တစ်ဖန်၊ သင်တို့ကို ငါ​အမှန်​ဆိုသည်ကား၊ သင်၏​ရန်သူသည် သင့်ထံ ပထမ​အကြိမ် လာပြီးနောက်၊ နောင်တရ၍ သင်၏​ခွင့်လွှတ်ခြင်းကို တောင်းလျက် သင့်ထံသို့​လာလျှင်၊ သင်သည် သူ့ကို ခွင့်လွှတ်ရမည်၊ သင်၏​ရန်သူ​တစ်ဖက်၌ သက်သေခံချက်​အဖြစ် မမှတ်ယူရတော့—

၄၀ ထိုကဲ့သို့​အားဖြင့် ဒုတိယနှင့် တတိယ​အကြိမ်ပြုပြီး၊ သင်၏​ရန်သူသည် သင့်ကို​ဆန့်ကျင်၍ သူ​လွန်ကျူးသည့် လွန်ကျူးခြင်းမှ အကြိမ်ကြိမ်​နောင်တရသမျှ သင်သည် ထိုသူကို အကြိမ်​ခုနစ်ဆယ်​ခုနစ်လီ​တိုင်အောင် ခွင့်လွှတ်​ရမည်။

၄၁ သူသည် သင့်ကို ဆန့်ကျင်၍​လွန်ကျူးပြီး ပထမ​အကြိမ်နောင်တရခြင်း​မရှိလျှင်သော်လည်း သင်သည် သူ့ကို ခွင့်လွှတ်​ရမည်။

၄၂ သူသည် သင့်ကို ဆန့်ကျင်၍ ဒုတိယ​အကြိမ်​လွန်ကျူးပြီး နောင်တရခြင်း​မရှိလျှင်သော်လည်း သင်သည် သူ့ကို ခွင့်လွှတ်​ရမည်။

၄၃ သူသည် သင့်ကို ဆန့်ကျင်၍ တတိယ​အကြိမ်​လွန်ကျူးပြီး နောင်တရခြင်း​မရှိလျှင်လည်း သင်သည် သူ့ကို ခွင့်လွှတ်​ရမည်။

၄၄ သို့ရာတွင် သူသည် သင့်ကို ဆန့်ကျင်၍ စတုတ္ထ​အကြိမ် လွန်ကျူးလျှင်၊ သင်သည် သူ့ကို ခွင့်မလွှတ်ဘဲ ဤသက်သေခံချက်များကို ကိုယ်တော်ရှင်ရှေ့သို့ ဆောင်ယူ​လာရမည်။ သူ​နောင်တရပြီး၊ သင့်ကို ဆန့်ကျင်၍ သူလွန်ကျူးသည့် ခပ်သိမ်းသော​အရာတို့ကို သင့်အား လေးဆ​ပြန်ပေးသည်အထိ ထိုအရာတို့ကို မပယ်ဖျောက်ရ။

၄၅ သူ​ဤသို့ပြုလျှင်၊ သင်သည် သူ့ကို သင်၏​စိတ်နှလုံး​အကြွင်းမဲ့ဖြင့် ခွင့်လွှတ်​ရမည်၊ သူ​ဤသို့​မပြုလျှင်၊ ငါ၊ ကိုယ်တော်ရှင်သည် သင်၏​ရန်သူကို သင်၏​ကိုယ်စား၊ အဆ​တစ်ရာ လက်တုံ့ပြန်မည်။

၄၆ သူ၏​သားသမီးတို့​အပေါ်၊ ထို့အတူ ငါ့ကို​မုန်းသည့် သူ့သားသမီးတို့၏​သားသမီးတို့​အပေါ် တတိယနှင့် စတုတ္ထ​မျိုးဆက်​တိုင်အောင်​ပင်တည်း။

၄၇ သို့ရာတွင်၊ သားသမီးတို့၊ သို့မဟုတ် သားသမီးတို့၏​သားသမီးတို့ နောင်တရ၍၊ သူတို့၏ ဘုရားသခင်​ကိုယ်တော်ရှင်ထံသို့၊ သူတို့၏​စိတ်နှလုံး​အကြွင်းမဲ့ဖြင့်၊ သူတို့၏​အစွမ်းသတ္တိ၊ စိတ်နှင့် ခွန်အား​ရှိသမျှဖြင့် လှည့်ကြ၊ ထို့အတူ သူတို့​လွန်ကျူး​လေသည့်၊ သို့မဟုတ် သူတို့​ဘိုးဘေးတို့ လွန်ကျူး​လေသည့်၊ သို့မဟုတ် သူတို့​ဘိုးဘေးတို့၏​ဘိုးဘေးတို့​လွန်ကျူး​လေသည့် သူတို့၏ ခပ်သိမ်းသော လွန်ကျူးခြင်းတို့ကို လေးဆ​ပြန်ပေးလျှင်၊ ထို့နောက်တွင် သင်၏​ဒေါသကို ငြိမ်းစေ​ရမည်။

၄၈ လက်တုံ့ပြန်ခြင်းသည် သူတို့အပေါ် မလာရတော့ဟု သင်၏​ဘုရားသခင် ကိုယ်တော်ရှင်​မိန့်တော်မူ၏၊ သူတို့၏​လွန်ကျူးခြင်းတို့ကိုလည်း သူတို့တစ်ဖက်၌ ကိုယ်တော်ရှင်​ရှေ့သို့ သက်သေခံချက်​တစ်ခု​အဖြစ် အဘယ်တော့မျှ နောက်ထပ်၍​ဆောင်ယူ​မခံရတော့။ အာမင်။