ကျမ်းစာများ
ဩဝါဒနှင့် ပဋိညာဉ်များ ၉၉


အပိုဒ်ငယ် ၉၉

၁၈၃၂ ခု၊ ဩဂုတ် ၂၉ ရက်၊ ဟိုင်ရမ်၊ အိုဟိုင်းရို၌ ပရောဖက်​ဂျိုးဇက်​စမစ်​အားဖြင့် ဂျွန်​မာဒေါ့ခ်သို့ ပေးတော်မူ​ခဲ့သည့် ဗျာဒိတ်တော်။ တစ်နှစ်ကျော်​အတွင်း၊ ဂျွန်မာဒေါ့ခ်သည်—၁၈၃၁ ခု ဧပြီ၌ သူ၏​ဇနီး၊ ဂျူလီယာ ကလက်၊ ကွယ်လွန်​ပြီးနောက် အမိ​မဲ့သော—သူ၏​သားသမီးများ အိုဟိုင်းရိုရှိ အခြား​မိသားစုများနှင့် နေထိုင်စဉ် ဧဝံဂေလိတရားတော်ကို ဟောပြောလျက်ရှိနေခဲ့၏။

၁–၈၊ ဂျွန်မာဒေါ့ခ်သည် ဧဝံဂေလိတရားတော်ကို ကြေညာရန် ခေါ်သွင်း​ခံရ၏၊ သူ့ကို လက်ခံသော​သူတို့သည် ကိုယ်တော်ရှင်ကို လက်ခံပြီး ကရုဏာကို ရရှိကြ​လိမ့်မည်။

ရှုလော့၊ ငါ့ကျွန်​ဂျွန်​မာဒေါ့ခ်ကို ကိုယ်တော်ရှင်​မိန့်တော်မူသည်ကား—သင်သည် အရှေ့ပိုင်း တိုင်းပြည်များ​ထဲသို့ တစ်ရွာမှ​တစ်ရွာသို့၊ ထို့အတူ တစ်အိမ်မှ​တစ်အိမ်သို့၊ ထို့အတူ တစ်မြို့မှ​တစ်မြို့သို့ သွား၍၊ ငါ၏ ထာဝရ​တည်မြဲသော ဧဝံဂေလိ​တရားတော်ကို ထိုအရပ်၌ နေထိုင်သူတို့ထံ၊ ညှဉ်းဆဲခြင်းနှင့် ဆိုးညစ်ခြင်းတို့​အလယ်၌ ကြေညာရန် ခေါ်သွင်းခံရ၏။

သင့်ကို​လက်ခံသောသူသည် ငါ့ကို​လက်ခံ၏။ သင်သည် ငါ၏​နှုတ်ကပတ်တော်ကို ဟောကြားရန် ငါ၏​သန့်ရှင်းသောဝိညာဉ်တော်၏ ဖော်ပြခြင်း​အားဖြင့် တန်ခိုးကို ရလိမ့်မည်။

ကလေးသူငယ်​တစ်ဦးကဲ့သို့ သင့်ကို လက်ခံသော​သူသည်၊ ငါ၏​နိုင်ငံတော်ကို ရရှိ၏။ ထိုသူတို့သည် မင်္ဂလာရှိကြ၏၊ အကြောင်း​မူကား၊ သူတို့သည် ကရုဏာကို ရရှိကြ​လိမ့်မည်။

သင့်ကို ငြင်းဆိုသူ​မှန်သမျှသည် ငါ၏​ခမည်းတော်နှင့် သူ၏အိမ်တော်သားတို့၏ ငြင်းဆိုခြင်းကို ခံရ​လိမ့်မည်။ သင်သည် သူတို့တစ်ဖက်၌ သက်သေခံချက်​အဖြစ် လမ်းတစ်လျှောက် လျှို့ဝှက်သောနေရာတို့၌ သင်၏​ခြေကို သန့်စင်စေလော့။

ရှုဦးလော့၊ ကြည့်ဦးလော့၊ ငါသည် တရား​စီရင်​တော်မူ​ခြင်းငှာ၊ ငါ့ကို ဆန့်ကျင်၍ သူတို့​ကျူးလွန်​လေသည့် သူတို့၏ ဘုရားမဲ့နေသော အကျင့်​ခပ်သိမ်းတို့ကို နားသွင်း​ခြင်းငှာ ငါ့အကြောင်းကို ကျမ်းစာတွဲ၌ ရေးထားသကဲ့သို့ပင် လျင်မြန်စွာ​လာမည်။

ယခုမူကား၊ သင့်ကို ငါ​အမှန်​ဆိုသည်မှာ၊ သင်သည် သင်၏​သားသမီးများ ထောက်ပံ့​မခံရမီ၊ ထို့အတူ ဇိအုန်ရှိ​သင်းအုပ်ထံသို့ ကြင်နာစွာ အပို့​မခံရမီ သွားခြင်းငှာ​မသင့်လျော်။

နှစ်​အနည်းငယ်​ကြာပြီး​နောက်တွင်၊ သင်သည် ငါ့ကို အလို​ရှိလျှင်၊ သင်၏​အမွေခံရာကို ပိုင်ဆိုင်ရန် ကောင်းသော​မြေသို့လည်း သွားနိုင်​ပေ၏။

သို့မဟုတ်လျှင် သင်သည် ခေါ်ဆောင်ခြင်း​ခံရသည့်​အချိန်​အထိ ငါ၏​ဧဝံဂေလိ​တရားတော်ကို ဆက်၍​ကြေညာလျက်​ရှိရမည်။ အာမင်။