ကျမ်းစာများ
အယ်လမာ ၁၄


အခန်းကြီး ၁၄

အယ်လမာနှင့် အာမြူးလက်သည် ထောင်ထဲ၌ လှောင်ထားခြင်းနှင့် ပြင်းစွာ​ရိုက်ခြင်းကို ခံရ၏—ယုံကြည်သူများနှင့် သူတို့၏သန့်ရှင်းသည့်ကျမ်းစာများ မီးရှို့ခံရ၏—ဤအာဇာနည်တို့ကို ကိုယ်တော်ရှင်သည် ဘုန်းတော်ဖြင့် လက်ခံတော်မူ၏—ထောင်နံ​ရံများကွဲ၍ ပြိုလဲ၏—အယ်လမာနှင့် အာမြူးလက်တို့​လွတ်မြောက်ပြီး၊ သူတို့ကို ညှဉ်းဆဲသော​သူများ ကွပ်မျက်ခံရ၏။ ဘီစီ ၈၂–၈၁ ခန့်။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူသည် လူတို့အား ပြောဆိုခြင်းကို လက်​စသတ်​ပြီးနောက်​တွင်၊ ၎င်းတို့​အထဲမှ များစွာသော​သူတို့သည် သူ၏​စကားများကို ယုံကြည်၍၊ နောင်တရပြီး၊ ကျမ်းစာများကို စေ့စေ့​ဖတ်​စပြုကြ၏။

သို့ရာတွင်၊ သူတို့မှ အများစုသည် အယ်လမာနှင့် အာမြူးလက်ကို ဖျက်ဆီးနိုင်ခြင်းငှာ အလို​ရှိလေ၏။ အကြောင်းမူကား၊ ဇေဇရုမ်ကို ပြောသည့် သူ့စကားများ၏​ပွင့်လင်းခြင်းကြောင့်၊ အယ်လမာကို သူတို့​အမျက်​ထွက်ကြ၏။ ထို့အတူ၊ အာမြူးလက်သည် သူတို့ကို မုသား​ပြောလေကြောင်းနှင့် သူတို့၏​ဥပဒေကို ဆန့်ကျင်၍​လည်းကောင်း၊ သူတို့ရှေ့​နေများနှင့် တရား​သူကြီးများကို ဆန့်ကျင်၍​လည်းကောင်း ကဲ့ရဲ့​ပြောဆိုလေ​ကြောင်းကိုလည်း သူတို့​ဆို၏။

သူတို့သည် အယ်လမာနှင့် အာမြူးလက်တို့​ကိုလည်း အမျက်​ထွက်ကြ၏။ သူတို့၏ ဆိုးညစ်ခြင်းများ​တစ်ဖက်၌ အလွန်​ပွင့်လင်းစွာ သက်သေခံ​လေသောကြောင့်လည်း လျှို့ဝှက်စွာ​သတ်ရန် ကြိုးစား​အားထုတ်ကြ၏။

သို့ရာတွင်၊ အချိန်တန်​လာသော​အခါ၊ သူတို့​ကို မသတ်​ကြ။ ဖမ်းဆီးပြီး၊ ခိုင်မာသော​ကြိုးများဖြင့်​ချည်နှောင်၍ ထိုပြည်၏​တရားသူကြီး​ချုပ်ရှေ့သို့သာ ခေါ်​ဆောင်ကြ၏။

လူတို့​သည်လည်း ထွက်လာပြီး သူတို့​တစ်ဖက်၌ သက်သေခံ​ကြသည်ကား—ထိုသူတို့သည် ထိုပြည်နှင့် ထိုပြည်၌ နေထိုင်သည့် လူခပ်သိမ်းတို့​အတွက်​ဖြစ်သည့် ဥပဒေ၊ သူတို့၏ ရှေ့နေများနှင့် တရား​သူကြီးများတို့ကို ဆန့်ကျင်၍​ကဲ့ရဲ့​ပြောဆိုလေကြောင်း သက်သေခံလျက်​ရှိကြ၏။ ဘုရားသခင်​တစ်ပါး​တည်းသာလျှင်​ရှိကြောင်းနှင့်၊ သူ၏​သားတော်ကို လူတို့ထံ​စေလွှတ်​သော်လည်း၊ သူတို့ကို ကယ်တင်​လိမ့်မည်​မဟုတ်ကြောင်းကိုလည်း သက်သေ​ခံလေ၏။ လူတို့သည် အယ်လမာနှင့် အာမြူးလက်တို့​တစ်ဖက်၌ ထိုကဲ့သို့များစွာသော​အရာများကို သက်သေခံကြ၏။ ယခုတွင်၊ ဤအမှုကို ထိုပြည်၏​တရား​သူကြီးချုပ်ရှေ့၌ ပြုလေ၏။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ပြော​ထားလေသော​စကားများကြောင့်၊ ဇေဇရုမ်​အံ့ဩလေ၏။ သူ၏​မုသားစကားများ​အားဖြင့်၊ လူတို့၌ သူဖြစ်စေခဲ့သည့် အသိ​စိတ်ကွယ်ခြင်းတို့​အကြောင်းကိုလည်း သူသိ၏။ သူကိုယ်တိုင်၏​အပြစ်​ရောက်ခြင်းကို သိခြင်း​အားဖြင့် သူ၏​ဝိညာဉ်သည် ညှဉ်းပန်း​ခံရ​စပြု၏။ ထိုမှတစ်ပါး၊ သူသည် ငရဲ၏​ဘေးတို့ဖြင့်၊ ရစ်ပတ်ခြင်းကိုလည်း ခံရ​စပြု၏။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူသည် လူတို့အား၊ ရှုလော့၊ ငါသည် အပြစ်​ရောက်ပါပြီ။ ဤလူတို့သည် ဘုရားသခင်ရှေ့၌ အပြစ်​ကင်းစင်​ကြပါ၏ဟု​ဆို၍ ဟစ်ကြော်​စပြု၏။ ထိုအချိန်မှ​စ၍ သူတို့​အတွက်ကိုလည်း တောင်းပန်​စပြု၏။ သို့ရာတွင်၊ အသင်​သည်လည်း နတ်ဆိုး၏​လွှမ်းမိုးခြင်းကို ခံရလေ​ပြီလောဟု သူ့ကို လူတို့​ကဲ့ရဲ့​ပြောဆိုကြ၏။ သူ့ကို တံတွေးဖြင့်​ထွေးပြီး၊ သူနှင့်​အတူ၊ အယ်လမာနှင့် အာမြူးလက်တို့က ပြောထားလေသော​စကားများကို ယုံကြည်သော​သူများကိုလည်း၊ သူတို့​အထဲမှ နှင်ထုတ်ကြ၏။ ထိုသူတို့ကို နှင်ထုတ်ပြီး၊ ကျောက်ခဲများဖြင့်​ပစ်စေခြင်းငှာ လူများကို စေလွှတ်ကြ၏။

ထိုသူတို့၏​ဇနီးများနှင့် ကလေးများကို အတူတကွ ဆောင်ယူ၍၊ ဘုရားသခင်၏​နှုတ်ကပတ်တော်ကို ယုံကြည်သူ သို့မဟုတ် ယုံကြည်ရန် သွန်သင်​ပေးခြင်း​ခံရသူ​မှန်သမျှကို မီးထဲသို့ ပစ်ချ​စေ၏။ သန့်ရှင်းသည့်​ကျမ်းစာများ​ပါရှိသော သူတို့၏​မှတ်တမ်းများကိုလည်း ဆောင်ယူ၍၊ မီးလောင်မြိုက်၍ ပျက်စီး​စေခြင်းငှာ၊ မီးထဲသို့ ပစ်ချကြ၏။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူတို့သည် အယ်လမာနှင့် အာမြူးလက်တို့ကို ခေါ်ဆောင်၍၊ မီးလောင်​မြိုက်ခံရသော​သူတို့၏ ပျက်စီးခြင်းကို ကြည့်မြင်နိုင်​စေခြင်းငှာ အသက်စတေးခံရရာ နေရာသို့ သယ်ဆောင်​သွားကြ၏။

၁၀ မီးထဲ၌ လောင်မြိုက်​ခံရသည့် မိန်းမများနှင့် ကလေးများတို့၏​နာကျင်မှုကို အာမြူးလက် မြင်ရသော​အခါ၊ သူသည်လည်း နာကျင်၍ အယ်လမာကို ဆိုလေ​သည်ကား၊ ဤအလွန်​ဆိုးရွားသော မြင်ကွင်းကို ငါတို့​အဘယ်သို့​အားဖြင့် ကြည့်မြင်နိုင်​ကြမည်နည်း။ ထို့ကြောင့်၊ ငါတို့​အထဲ၌​ရှိသည့် ဘုရားသခင်၏​တန်ခိုးတော်ကို ပြ၍၊ သူတို့ကို မီးလျှံမှ ကယ်တင်​ကြကုန်အံ့။

၁၁ သို့ရာတွင်၊ အယ်လမာက ဆိုလေသည်ကား၊ ငါ့လက်ကို မဆန့်ရမည့်​အကြောင်း၊ ဝိညာဉ်တော်က ငါ့ကို အတင်း​စေခိုင်း၏။ အကြောင်းမူကား၊ ရှုလော့၊ ကိုယ်တော်ရှင်သည် သူတို့ကို ဘုန်းတော်ဖြင့်၊ သူ့ထံသို့ လက်ခံ​တော်မူ၍၊ ဤအမှုကို သူတို့​ပြုနိုင်မည့်​အကြောင်း၊ သို့မဟုတ် သူ၏​အမျက်​တော်ဖြင့် သူတို့​အပေါ်​စီရင်​တော်မူမည့် တရားစီရင်​တော်မူခြင်းများကို တရားမျှ​တနိုင်​စေခြင်းငှာ၊ သူတို့​စိတ်နှလုံး၏​မာကျောခြင်း​အတိုင်း၊ ဤအမှုကို သူတို့ထံ လူတို့​ပြုနိုင်မည့်​အကြောင်း သူအခွင့်​ပေးတော်မူ၏။ အပြစ်​မရှိသော​သူတို့၏​အသွေးသည်လည်း သူတို့​တစ်ဖက်၌ သက်သေ​အဖြစ်ရှိလိမ့်မည်။ ထိုမှတစ်ပါး၊ နောက်ဆုံးသော​နေ့၌ သူတို့​တစ်ဖက်၌ ကြီးစွာ​အော်ဟစ်​ကြလိမ့်မည်။

၁၂ ယခုတွင်၊ အာမြူးလက်က အယ်လမာကို ဆိုသည်မှာ၊ ရှုလော့၊ သူတို့သည် ငါတို့ကိုလည်း လောင်မြိုက်စေကောင်း လောင်မြိုက်စေ​လိမ့်မည်။

၁၃ အယ်လမာကလည်း၊ ကိုယ်တော်ရှင်၏​အလိုတော်​အတိုင်း ဖြစ်ပါစေ။ သို့ရာတွင်၊ ရှုလော့၊ ငါတို့၏​အမှုသည် မပြီးဆုံးသေး။ ထို့ကြောင့်၊ သူတို့သည် ငါတို့ကို လောင်မြိုက်စေခြင်း​မရှိဟု ဆို၏။

၁၄ ယခုတွင်၊ အချိန်တန်​လာသော​အခါ၊ မီးထဲသို့​ပြစ်ချ​ခံရလေသော​သူတို့၏ ကိုယ်​ခန္ဓာများနှင့်၊ ထို့အတူ၊ သူတို့နှင့် အတူ ပစ်ချခံရသော​မှတ်တမ်းများ​သည်လည်း လောင်မြိုက်လေလျှင်၊ ချည်နှောင်ခံရသည့် အယ်လမာနှင့် အာမြူးလက်တို့ရှေ့ ၌ ထိုပြည်၏​တရားသူကြီး​ချုပ်သည် လာ၍​ရပ်ပြီး၊ လက်ဖြင့် သူတို့​ပါးကို ပြင်းစွာ​ရိုက်၍ ဆိုလေသည်ကား၊ အဘယ်သို့​ဖြစ်သည်ကို သင်တို့​မြင်ရပြီးမှ၊ ဤလူတို့ကို ကန့်နှင့်​ရောသော မီးအိုင်ထဲသို့ ပြစ်ချရမည့်​အကြောင်း၊ သင်တို့​တစ်ဖန် ဟောပြောကြ​ဦးမည်လော။

၁၅ ရှုလော့၊ မီးထဲသို့ ပစ်ချ​ခံရသော​သူတို့ကို ကယ်တင်ရန် သင်တို့၌ တန်ခိုး​မရှိကြောင်း သင်တို့​သိမြင်ကြပြီ။ သူတို့သည် သင်၏​ယုံကြည်ခြင်းနှင့်​တူသော​သူများ​ဖြစ်သော်​လည်း ဘုရားသခင်က သူတို့ကို မကယ်တင်။ တရား​သူကြီးသည် သူတို့​ပါးကို တစ်ဖန်​ရိုက်ပြန်၍၊ သင်တို့​ကိုယ်တိုင်​အတွက် အဘယ်သို့​ပြောမည်နည်းဟု မေးမြန်း၏။

၁၆ ယခုတွင်၊ ဤတရား​သူကြီးသည်ကား၊ ဂိဒေါင်ကို ကွပ်မျက်ခဲ့သည့် နေဟော၏ အသင်းနှင့် ယုံကြည်ခြင်း​အတိုင်း​ရှိလေ၏။

၁၇ ဤသို့အားဖြင့်​အချိန်တန်​လာသော​အခါ၊ အယ်လမာနှင့် အာမြူးလက်တို့သည် သူ့အား အဘယ်​အရာကိုမျှ မဖြေကြ။ သူ့တို့ကို တစ်ဖန်​ပြင်းစွာ​ရိုက်ပြီးနောက်၊ ထောင်ထဲ၌ လှောင်ထား​စေခြင်းငှာ အရာ​ရှိတို့ထံသို့ အပ်နှံ၏။

၁၈ သူတို့​ထောင်ထဲ၌​လှောင်ထား​ခံရပြီး၊ သုံးရက်​ကြာလေလျှင်၊ နေဟော၏​ဘာသာကို ယုံကြည်သည့် များစွာသော ရှေ့နေများ၊ တရား​သူကြီးများ၊ ယဇ်ပုရောဟိတ်များ၊ ဆရာများ​ရောက်​လာကြ၏။ သူတို့ကို​တွေ့ရန် ထောင်ထဲသို့​လာ၍၊ ကျမ်းစကားများစွာတို့​အကြောင်းကို မေးမြန်းကြ၏။ သို့ရာတွင်၊ အဘယ်​အရာကိုမျှ၊ မဖြေကြ။

၁၉ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ တရား​သူကြီးသည် သူတို့​ရှေ့၌ ရပ်၍၊ ဆိုလေ​သည်ကား၊ သင်တို့သည် ဤလူတို့၏​စကားများကို အဘယ့်ကြောင့် မဖြေကြသနည်း။ သင်တို့ကို မီးလျှံထဲသို့ ပို့နိုင်ခွင့် ငါ့၌​ရှိကြောင်း သိခြင်း​မရှိကြသလော။ စကား​ပြောရန်လည်း သူတို့ကို အမိန့်​ပေး၏။ သို့ရာတွင် အဘယ်​အရာကိုမျှ မဖြေကြ။

၂၀ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူတို့သည် ထွက်ခွာ​သွားပြီး၊ သူတို့​လမ်းသူတို့​သွားကြ၏။ သို့ရာတွင်၊ နက်ဖြန်နေ့၌ တစ်ဖန်​ရောက်လာကြ​ပြန်၏။ တရား​သူကြီးကလည်း သူတို့၏​ပါးကို တစ်ဖန်​ပြင်းစွာ​ရိုက်ပြန်၏။ များစွာသော​သူတို့​သည်လည်း ရောက်လာပြီး၊ သူတို့ကို ပြင်းစွာ​ရိုက်၍၊ ဆိုကြသည်ကား၊ သင်တို့သည် တစ်ဖန်​ရပ်၍၊ ဤလူတို့ကို အပြစ်​ရှာပြီး၊ ငါတို့၏​ဥပဒေကို အပြစ်​တင်ကြ​ဦးမည်လော။ သင်တို့၌ ထိုကဲ့သို့၊ ကြီးစွာသော​တန်ခိုး ရှိလျှင်၊ သင်တို့​ကိုယ်သင်တို့​အဘယ့်ကြောင့် မကယ်လွှတ်​ကြသနည်း။

၂၁ ထိုကဲ့သို့သော​အရာ​များစွာတို့ကို သူတို့အား ဆို၍၊ သူတို့​အပေါ်၌၊ အံသွားခဲ​ကြိတ်လျက်၊ တံတွေးဖြင့်​ထွေးလျက်၊ ဆိုကြလေ​သည်ကား၊ ငါတို့​အပြစ်​စီရင်​ခံရသော​အခါ၊ အဘယ်ပုံကဲ့သို့ ရှိပါ​လိမ့်မည်နည်း။

၂၂ ထို့ကဲ့သို့သော​အရာများစွာ၊ အမှန်စင်စစ်၊ ထိုကဲ့သို့သော​အရာ​အမျိုးမျိုးဖြင့် သူတို့ကို ဆိုကြ၏။ ထိုကဲ့သို့​အားဖြင့်၊ သူတို့ကို နေ့ပေါင်းများစွာ ပြက်ရယ်​ပြုကြ၏။ သူတို့ကို မွတ်သိပ်​စေခြင်းငှာ၊ စားစရာကို​လည်းကောင်း၊ ရေငတ်​စေခြင်းငှာ ရေကို​လည်းကောင်း မပေးဘဲ​ထားကြ၏။ သူတို့ထံမှ အဝတ်များ​ကိုလည်း ယူ၍ အဝတ်မရှိ ဖြစ်လေ၏။ ထိုကဲ့သို့​အားဖြင့် ခိုင်မာသော​ကြိုးများဖြင့် ချည်နှောင်ခြင်းကို​လည်းကောင်း၊ ထောင်ထဲ၌ လှောင်ထားခြင်းကို​လည်းကောင်း ခံရကြ၏။

၂၃ ဤသို့​အားဖြင့်​အချိန်တန်​လာ၍ သူတို့သည် ထိုကဲ့သို့​အားဖြင့်၊ နေ့ပေါင်းများစွာ ခံစားရ​ပြီးနောက် (နီဖိုင်းလူမျိုးတို့ကို တရား​သူကြီးများ​အုပ်စိုးခြင်း​ဒဿ​မနှစ်မြောက်၊ ဒဿမလ၊ တစ်ဆယ်နှစ်ရက်​နေ့တွင် ဖြစ်၏) အမ္မုန်နိဟ​ပြည်၏​တရား​သူကြီးချုပ်၊ သူတို့၏​များစွာသော​ဆရာများနှင့် သူတို့၏ ရှေ့နေတို့သည် အယ်လမာနှင့် အာမြူးလက်တို့အား ကြိုးများဖြင့် ချည်နှောင်​ထားရာ​ထောင်ထဲသို့ သွားကြ၏။

၂၄ တရား​သူကြီးချုပ်​သည်လည်း ရှေ့၌ရပ်၍၊ သူတို့ကို တစ်ဖန်​ပြင်းစွာ​ရိုက်၍ ဆိုလေ​သည်ကား၊ သင်တို့၌ ဘုရားသခင်၏​တန်ခိုး​ရှိလျှင်၊ သင်တို့​ကိုယ်သင်တို့ ဤချည်နှောင်ခြင်းများမှ ကယ်လွှတ်ကြလော့။ ထို့နောက်မှ၊ သင်တို့၏​စကားများ​အတိုင်း၊ ဤလူတို့အား၊ ကိုယ်တော်ရှင်​ဖျက်ဆီး​မည်ကို ငါတို့​ယုံကြည်​ကြမည်။

၂၅ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ အားလုံးရှေ့သို့​ထွက်၍ သူတို့ကို ပြင်းစွာ​ရိုက်၍၊ နောက်ဆုံးသော​သူအထိ​တိုင်အောင်ပင် တစ်ခုတည်းသော​စကားကို ဆိုနေကြ၏။ နောက်ဆုံးသော​သူ ဆိုပြီးလေသော​အခါ၊ ဘုရားသခင်၏​တန်ခိုးတော်သည် အယ်လမာနှင့် အာမြူးလက်တို့​အပေါ်သို့ ရောက်၍ သူတို့သည်လည်း ထလာပြီး၊ သူတို့​ခြေပေါ်တွင် ရပ်ကြ၏။

၂၆ အယ်လမာကလည်း အို ကိုယ်တော်ရှင်၊ အကျွန်ုပ်တို့သည် ဤကြီးစွာသော​ဆင်းရဲ​ဒုက္ခများကို အဘယ်မျှ​ကြာအောင် ခံစားရပါမည်နည်း။ အို ကိုယ်တော်ရှင်၊ ခရစ်တော်၌​ရှိသော အကျွန်ုပ်တို့၏​ယုံကြည်ခြင်း​အတိုင်း၊ ကယ်လွှတ်ခြင်းသို့ ရောက်သည်​တိုင်အောင်ပင် အကျွန်ုပ်တို့အား ခွန်အားကို ပေးသနား​တော်မူပါဟု​ဆို၍ တောင်းလျှောက်၏။ သူတို့သည်လည်း မိမိတို့ကို ချည်နှောင်​ထားသော​ကြိုးများကို ဖြတ်၏။ လူတို့​သည်လည်း ဤအမှုကို မြင်လျှင်၊ ထွက်ပြေး​စပြုကြ၏။ အကြောင်းမူကား၊ ဖျက်ဆီးခြင်းကို ကြောက်ရွံခြင်းသည် ထိုသူတို့​အပေါ် ရောက်လာ၏။

၂၇ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူတို့၏​ကြောက်ရွံ့ခြင်းသည် အလွန်​ကြီးမား၍ သူတို့သည် မြေကြီးသို့ လဲကျပြီး၊ ထောင်၏​အပြင်​တံခါးသို့ မရောက်ကြ။ မြေကြီး​သည်လည်း ကြီးစွာ​လှုပ်၍၊ ထောင်နံရံများ နှစ်ခြမ်း​ကွဲ၍၊ မြေကြီးသို့ ပြိုလဲ၏။ အယ်လမာနှင့် အာမြူးလက်တို့ကို ပြင်းစွာ​ရိုက်သည့် တရား​သူကြီးချုပ်၊ ရှေ့နေများ၊ ယဇ်ပုရောဟိတ်များနှင့် ဆရာများ​သည်လည်း ထိုပြိုလဲခြင်း​အားဖြင့် ကွပ်မျက်​ခံရလေ၏။

၂၈ အယ်လမာနှင့် အာမြူးလက်တို့​သည်လည်း ထောင်၏​အပြင်သို့ ထွက်လာ၏။ နာလည်း​မနာကြ။ အကြောင်းမူကား၊ ခရစ်တော်၌​ရှိသော သူတို့၏​ယုံကြည်ခြင်း​အတိုင်း၊ ကိုယ်တော်ရှင်သည် သူတို့အား တန်ခိုးကို ပေးတော်မူလေ၏။ သူတို့သည် ထောင်​အပြင်သို့ ချက်ချင်း​ထွက်လာကြ၏။ ချည်နှောင်​ထားခြင်းများမှလည်း လွတ်ကြ၏။ ထောင်သည်လည်း မြေကြီးသို့ ပြိုလဲ၍၊ အယ်လမာနှင့် အာမြူးလက်တို့​မှတစ်ပါး၊ ထိုထောင်​နံရံ​အတွင်း၌ ရှိသော​သူမှန်သမျှ ကွပ်မျက်​ခံရလေ၏။ သူတို့​သည်လည်း မြို့ထဲသို့ ချက်ချင်း ဝင်လာကြ၏။

၂၉ ယခုတွင်၊ လူတို့သည် ကြီးစွာသော​အသံ​ဗလံများကို ကြား၍၊ အကြောင်းရင်းကို သိခြင်းငှာ လူအစုအဝေး​လိုက် အတူတကွ ပြေး၍​လာကြ၏။ အယ်လမာနှင့် အာမြူးလက်တို့ ထောင်၏​အပြင်သို့ ထွက်လာ​ကြသည်ကို​လည်းကောင်း၊ ထိုထောင်​နံရံများ မြေကြီးသို့ ပြိုလဲ​လေသည်ကို​လည်းကောင်း သူတို့​မြင်ကြလေလျှင်၊ ရုတ်တရက် ကြီးစွာ​ကြောက်ရွံ့၍၊ ဆိတ်သည် မိမိ​သားငယ်တို့နှင့်​အတူ ခြင်္သေ့​နှစ်ကောင်ထံမှ ထွက်ပြေး​သကဲ့သို့ပင် အယ်လမာနှင့် အာမြူးလက်တို့၏​မျက်မှောက်မှ ထွက်ပြေး​ကြလေ၏။ ထိုကဲ့သို့​အားဖြင့်၊ သူတို့သည် အယ်လမာနှင့် အာမြူးလက်တို့၏​မျက်မှောက်မှ ထွက်ပြေး​ကြလေ​သတည်း။

ပုံနှိပ်သည်