အခန်းကြီး ၂၇
ကိုယ်တော်ရှင်သည် အမ္မုန်ကို အန္တိနီဖိုင်းလေဟိလူမျိုးတို့အား ဘေးလွတ်ရာသို့ ပို့ဆောင်စေရန် မိန့်တော်မူ၏—အယ်လမာကို တွေ့သောအခါ၊ အမ္မုန်၏ဝမ်းမြောက်ခြင်းက သူ၏ခွန်အားကို ကုန်ခန်းစေ၏—နီဖိုင်းအမျိုးသားတို့က အန္တိနီဖိုင်းလေဟိအမျိုးသားတို့အား ယေရှုန်ပြည်ကို ပေး၏—သူတို့ကို အမ္မုန်လူမျိုးဟု ခေါ်ကြ၏။ ဘီစီ ၉၀–၇၇ ခန့်။
၁ ယခုတွင်၊ အချိန်တန်လာသောအခါ၊ နီဖိုင်းအမျိုးသားတို့ကို ဆန့်ကျင်၍ စစ်တိုက်ခြင်းငှာသွားခဲ့လေသော လာမန်အမျိုးသားတို့သည် ဖျက်ဆီးခြင်းငှာ၊ များစွာသောရုန်းကန်မှုများ ပြီးလေသောနောက်တွင်၊ ဖျက်ဆီးရန် ကြိုးစားခြင်းမှာ အချည်းနှီးဖြစ်လေကြောင်း၊ တွေ့ရှိလေ၍ နီဖိုင်းပြည်သို့ တစ်ဖန်ပြန်လာကြ၏။
၂ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ အာမလက်လူတို့သည် သူတို့၏ဆုံးရှုံးခြင်းများကြောင့်၊ လွန်စွာအမျက်ထွက်ကြ၏။ သူတို့သည် နီဖိုင်းအမျိုးသားတို့အပေါ် လက်တုံ့မပြန်နိုင်ကြောင်း သိမြင်ကြသောအခါ၊ လူတို့ကို သူတို့၏ညီအစ်ကို အန္တိနီဖိုင်းလေဟိလူမျိုးတို့ တစ်ဖက်၌ အမျက်ထွက်စေခြင်းငှာ နှိုးဆော်စပြုကြ၏။ ထို့ကြောင့်၊ သူတို့ကို ဖျက်ဆီးရန် တစ်ဖန်အစပြုကြပြန်၏။
၃ ယခုတွင်၊ ဤလူတို့သည် သူတို့လက်နက်များကို စွဲကိုင်ရန် တစ်ဖန်ငြင်းပယ်လျက်၊ သူတို့ရန်သူများ၏အလိုဆန္ဒအတိုင်း ကွပ်မျက်ခံရစေခြင်းငှာ၊ သူတို့ကိုယ်သူတို့ အခွင့်ပေးကြ၏။
၄ ယခုတွင်၊ အမ္မုန်နှင့် သူ၏ညီအစ်ကိုတို့သည် ဤပျက်စီးခြင်းအမှုကို သူတို့အလွန်ချစ်သော၊ ထို့အတူ သူတို့ကို အလွန်ချစ်သည့်သူများ၌ တွေ့မြင်ရလေလျှင်—ထာဝရတည်မြဲသောပျက်စီးခြင်းမှ သူတို့ကို ကယ်တင်ရန် ဘုရားသခင်ထံမှ စေလွှတ်သော ကောင်းကင်တမန်များကဲ့သို့ ပြုစုခံရလေသဖြင့်—ထို့ကြောင့်၊ အမ္မုန်နှင့် သူ၏ညီအစ်ကိုတို့က ဤကြီးစွာသောပျက်စီးခြင်းအမှုကို တွေ့မြင်ရလေလျှင်၊ သနားခြင်းစိတ်ရှိ၍ မင်းကြီးကို ဆိုလေသည်မှာ၊
၅ အကျွန်ုပ်တို့သည် ကိုယ်တော်ရှင်၏ဤလူမျိုးတို့ကို အတူတကွစုဝေးကြကုန်အံ့။ အကျွန်ုပ်တို့သည် ဇရဟင်မလပြည်ရှိ အကျွန်ုပ်တို့ညီအစ်ကို နီဖိုင်းအမျိုးသားတို့ရှိရာသို့ ဆင်းသွားကြကုန်အံ့၊ ဖျက်ဆီးမခံရစေခြင်းငှာ၊ အကျွန်ုပ်တို့ရန်သူများလက်မှ ထွက်ပြေးကြကုန်အံ့။
၆ သို့ရာတွင်၊ မင်းကြီးဆိုလေသည်ကား၊ ရှုလော့၊ နီဖိုင်းအမျိုးသားတို့ကို ဆန့်ကျင်၍ ငါတို့ပြုလေသည့် လူ့အသက်သတ်ခြင်းများစွာနှင့် အပြစ်များကြောင့်၊ ငါတို့ကို သူတို့ဖျက်ဆီးလိမ့်မည်။
၇ အမ္မုန်ကလည်း အကျွန်ုပ်သည် ကိုယ်တော်ရှင်ထံ သွား၍ မေးလျှောက်ပါမည်။ အကယ်၍၊ အကျွန်ုပ်တို့ကို၊ အကျွန်ုပ်တို့ညီအစ်ကိုများဆီသို့ ဆင်းသွားလော့ဟု သူမိန့်တော်မူလျှင်၊ အသင်တို့သွားမည်လောဟု ဆို၏။
၈ မင်းကြီးကလည်း ဟုတ်ပေ၏။ အကယ်၍ ကိုယ်တော်ရှင်က ငါတို့ကို သွားလော့ဟုဆိုလျှင်၊ ငါတို့ညီအစ်ကိုများဆီသို့ ငါတို့ဆင်းသွားကြမည်။ သူတို့ကို ဆန့်ကျင်၍၊ ငါတို့ကျူးလွန်ခဲ့သည့် လူ့အသက်သတ်ခြင်းများစွာနှင့် အပြစ်များအတွက် ပေးလျော်ပြီးသည့်တိုင်အောင်၊ ငါတို့သည် သူတို့၏ကျွန်များ ဖြစ်ရလတ္တံ့ဟု ဆို၏။
၉ သို့ရာတွင်၊ အမ္မုန်က ဆိုသည်မှာ၊ ထိုအမှုသည်၊ သူတို့၌ ကျွန်တစ်ဦးမျှမရှိရဟူသော အကျွန်ုပ်၏အဘတည်ထောင်ထားသည့် အကျွန်ုပ်တို့ညီအစ်ကိုတို့၏ဥပဒေနှင့် ဆန့်ကျင်၏။ ထို့ကြောင့်၊ အကျွန်ုပ်တို့ ဆင်းသွားပြီး၊ အကျွန်ုပ်တို့ညီအစ်ကိုတို့၏ ကရုဏာများအပေါ် မှီခိုကြကုန်အံ့။
၁၀ သို့ရာတွင်၊ မင်းကြီးက ဆိုလေသည်ကား၊ ကိုယ်တော်ရှင်ထံ မေးလျှောက်လော့၊ အကယ်၍ ငါတို့ကို သွားလော့ဟု သူမိန့်တော်မူလျှင်၊ ငါတို့သွားမည်။ သို့မဟုတ်လျှင်၊ ဤပြည်ထဲ၌ ငါတို့ပျက်စီးလိမ့်မည်။
၁၁ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ အမ္မုန်က ကိုယ်တော်ရှင်ထံသွား၍ မေးလျှောက်သဖြင့်၊ ကိုယ်တော်ရှင်မိန့်တော်မူလေသည်ကား၊
၁၂ ဤလူမျိုးတို့ မပျက်စီးစေခြင်းငှာ၊ သူတို့ကို ဤပြည်မှ ထွက်စေလော့။ အကြောင်းမူကား၊ လာမန်အမျိုးသားတို့အား သူတို့၏ညီအစ်ကိုတို့ကို ဆန့်ကျင်ပြီး၊ အမျက်ထွက်စေ၍၊ ကွပ်မျက်စေခြင်းငှာ နှိုးဆော်သည့် အာမလက်လူတို့၏ စိတ်နှလုံးကို စာတန်သည် ကြီးစွာလွှမ်းမိုးလေပြီ။ ထို့ကြောင့်၊ သင်သည် ဤပြည်မှ ထွက်လော့။ ဤလူမျိုးတို့သည်လည်း ယခုမျိုးဆက်၌ မင်္ဂလာရှိ၏။ အကြောင်းမူကား၊ သူတို့ကို ငါကာကွယ်စောင့်မတော်မူမည်။
၁၃ ယခုမူကား၊ အချိန်တန်လာသောအခါ၊ အမ္မုန်သည် သူ့ကို ကိုယ်တော်ရှင်မိန့်တော်မူလေသည့် စကားမှန်သမျှကို မင်းကြီးထံသို့သွား၍ ပြောပြ၏။
၁၄ သူတို့သည်လည်း သူတို့၏လူမျိုးမှန်သမျှ၊ အထူးသဖြင့် ကိုယ်တော်ရှင်၏လူမျိုးမှန်သမျှကို အတူတကွ စုဝေး၍၊ သူတို့၏ သိုးစုများနှင့် နွားစုများကို အတူတကွစုဝေး၍ ထိုပြည်မှ ထွက်ခွာကြ၏၊ နီဖိုင်းပြည်နှင့် ဇရဟင်မလပြည်ကို ပိုင်းခြားထားသည့် တောရိုင်းထဲသို့ ဝင်လာခဲ့ပြီး၊ ထိုပြည်၏ နယ်နိမိတ်အနီးသို့ ရောက်လာကြ၏။
၁၅ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ အမ္မုန်က ဆိုလေသည်ကား၊ ရှုလော့၊ ငါနှင့် ငါ၏ညီအစ်ကိုတို့သည် ဇရဟင်မလပြည်ထဲသို့ သွားကြမည်။ သင်တို့သည် ငါတို့ပြန်လာသည့်တိုင်အောင် ဤနေရာမှာ နေကြပါ။ ငါတို့ညီအစ်ကိုများက သင်တို့ကို သူတို့ပြည်ထဲသို့ ဝင်ရောက်လာစေကြောင်း လိုလားခြင်း ရှိမရှိကိုလည်း သူတို့စိတ်နှလုံးကို ငါတို့စုံစမ်းကြမည်။
၁၆ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ အမ္မုန် ထိုပြည်ထဲသို့ သွားစဉ်တွင်၊ သူနှင့် သူ၏ညီအစ်ကိုတို့သည် အယ်လမာကို ယခင်ပြောထားလေသည့် နေရာ၌ တွေ့ကြ၏။ ရှုလော့၊ ဤအရာသည်ကား၊ ရွှင်လန်းအားရသော တွေ့ဆုံခြင်းပေတည်း။
၁၇ ယခုတွင်၊ အမ္မုန်၏ဝမ်းမြောက်ခြင်းသည်၊ အလွန်ကြီးမား၍ သူ့၌ ပြည့်လျှံလျက်ပင် ရှိ၏။ ထိုမှတစ်ပါး၊ သူသည် ခွန်အားကုန်ခန်းသည့်တိုင်အောင်ပင် မိမိဘုရားသခင်၌ ဝမ်းမြောက်ခြင်းဖြင့် လွှမ်းမိုးခြင်းကို ခံရလေ၍၊ မြေကြီးသို့ တစ်ဖန်လဲကျပြန်၏။
၁၈ ယခုတွင်၊ ဤအမှုမှာ၊ အလွန်ဝမ်းမြောက်ခြင်း မဟုတ်လေသလော။ ရှုလော့၊ ဤအမှုသည်ကား၊ အမှန်ပင်နောင်တရ၍၊ နှိမ့်ချပြီး ပျော်ရွှင်မှုကို ရှာသည့်သူတို့မှတစ်ပါး၊ အဘယ်သူမျှ မရရှိလေသည့် ဝမ်းမြောက်ခြင်းပေတည်း။
၁၉ ယခုတွင်၊ အယ်လမာ၏ညီအစ်ကိုများကို တွေ့ရာ၌ သူ၏ဝမ်းမြောက်ခြင်း၊ ထို့အတူ၊ အာရုန်၊ ဩမနာနှင့် ဟိမနိတို့၏ဝမ်းမြောက်ခြင်းသည်ကား၊ အမှန်ပင် ကြီးမားလှ၏။ သို့ရာတွင်၊ သူတို့၏ဝမ်းမြောက်ခြင်းသည် သူတို့၏ခွန်အားထက် သာလွန်ခြင်းမရှိ။
၂၀ ယခုမူကား၊ အချိန်တန်လာသောအခါ၊ အယ်လမာသည် သူ၏ညီအစ်ကိုတို့ကို ဇရဟင်မလပြည်သို့ပြန်၍ ပို့ဆောင်သည်မှာ၊ သူ၏အိမ်သို့ ရောက်သည့်တိုင်အောင်ပင်တည်း။ သူတို့သည် နီဖိုင်းပြည်တွင်၊ သူတို့၏ညီအစ်ကို လာမန်အမျိုးသားတို့၌ ဖြစ်ပျက်ခဲ့လေသမျှသောအရာတို့ကို တရားသူကြီးချုပ်ထံသို့လည်း သွား၍ ပြောပြ၏။
၂၁ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ တရားသူကြီးချုပ်သည် အန္တိနီဖိုင်းလေဟိလူမျိုးများ ဖြစ်လေသော သူတို့ညီအစ်ကိုများကို ဝင်ရောက်ခွင့်ပြုခြင်းနှင့်စပ်လျဉ်း၍ လူတို့၏မဲဆန္ဒကို တောင်းခံလျက်၊ ထိုပြည်တစ်လျှောက်လုံးသို့ ကြေညာချက်ကို ထုတ်ပြန်၏။
၂၂ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ လူတို့၏မဲဆန္ဒကို ရရှိ၍ ဆိုကြလေသည်ကား၊ ရှုလော့၊ ငါတို့သည် ပင်လယ်၏အရှေ့အရပ်၌ ရှိသော၊ အလျှံပယ်ပြည်ကို ဆက်သည့်၊ အလျှံပယ်ပြည်၏တောင်ဘက်၌ရှိသည့် ယေရှုန်ပြည်ကို စွန့်လွှတ်မည်ဖြစ်၍၊ ဤယေရှုန်ပြည်သည်ကား၊ ငါတို့က ငါတို့၏ညီအစ်ကိုတို့အား အမွေခံရာအဖြစ် ပေးမည့်ပြည်ဖြစ်၏။
၂၃ ရှုဦးလော့၊ ငါတို့သည် ယေရှုန်ပြည်ရှိ ငါတို့ညီအစ်ကိုများကို ကာကွယ်နိုင်စေခြင်းငှာ၊ ယေရှုန်ပြည်နှင့် နီဖိုင်းပြည်ကြား၌၊ ငါတို့တပ်များကို ချထားမည်။ ငါတို့၏ညီအစ်ကိုတို့အတွက် ဤသို့ပြုရသည်မှာ သူတို့အပြစ်ကျူးလွန်ရမည်ကို စိုးရိမ်၍၊ သူတို့၏ညီအစ်ကိုတို့ကို ဆန့်ကျင်၍ လက်နက်စွဲကိုင်မည်ကို ကြောက်ရွံ့သောကြောင့်ပေတည်း။ ဤကြီးစွာသော ကြောက်ရွံ့ခြင်း ကျရောက်လာရသည်မှာ၊ သူတို့၏ လူ့အသက်သတ်ခြင်းများစွာနှင့် သူတို့၏အလွန်ဆိုးရွားသော ဆိုးညစ်ခြင်းတို့ကြောင့် သူတို့၌ရှိလေသည့် ပြင်းစွာသောနောင်တရခြင်းကြောင့်ပင်တည်း။
၂၄ ယခုမူကား၊ ရှုလော့၊ ဤအမှုကို ငါတို့ညီအစ်ကိုများအတွက် ငါတို့ပြုမည်ကား၊ ယေရှုန်ပြည်ကို သူတို့အမွေခံနိုင်စေခြင်းငှာပေတည်း။ ငါတို့တပ်များကို ငါတို့ထိန်းသိမ်းနိုင်စေခြင်းငှာ ငါတို့ကို ကူမရန် သူတို့၏ဥစ္စာမှ တစ်စိတ်တစ်ပိုင်းကို ငါတို့အား သူတို့ပေးရမည်ဟူသော ပြဌာန်းချက်ဖြင့် ငါတို့တပ်များဖြင့် သူတို့ကို သူတို့ရန်သူများဘေးမှလည်း ကာကွယ်ကြမည်။
၂၅ ယခုတွင်၊ အချိန်တန်လာသောအခါ၊ အမ္မုန်သည် ဤအမှုကိုကြားလျှင်၊ အန္တိနီဖိုင်းလေဟိလူမျိုးတို့ရှိရာ တောရိုင်းထဲသို့ အယ်လမာနှင့်အတူ ပြန်လာ၏။ သူတို့သည် ထိုနေရာ၌ သူတို့တဲများကို ဆောက်လေပြီး၊ ဤအရာခပ်သိမ်းတို့ကို ဖော်ပြ၏။ အယ်လမာသည် အမ္မုန်၊ အာရုန်၊ မိမိညီအစ်ကိုတို့နှင့်အတူ သူ၏ပြောင်းလဲခြင်းကိုလည်း သူတို့အား ပြန်လည်ပြောပြ၏။
၂၆ ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ထိုအမှုသည် သူတို့၌ ကြီးစွာသောဝမ်းမြောက်ခြင်းကို ဖြစ်စေ၏။ သူတို့သည် ယေရှုန်ပြည်ထဲသို့ ဆင်းသွားလျက်၊ ယေရှုန်ပြည်ကို သိမ်းယူကြ၏။ နီဖိုင်းအမျိုးသားတို့က သူတို့ကို အမ္မုန်လူမျိုးများဟု ခေါ်ကြ၏။ ထို့ကြောင့်၊ သူတို့ကို ထိုအချိန်မှစ၍၊ ထိုအမည်အားဖြင့် အစဉ်အဆက်ခွဲခြားကြ၏။
၂၇ သူတို့သည် နီဖိုင်းလူမျိုးတို့ကြား၌ ရှိလေပြီး၊ ဘုရားသခင်၏အသင်းတော်မှ လူတို့၌လည်း ရေတွက်ခံရ၏။ ထို့အတူ၊ ဘုရားသခင်အတွက်နှင့် လူသားများအတွက်လည်း သူတို့၏ စိတ်အားကြီးမှုကြောင့် သူတို့ကို ခွဲခြား၏။ အကြောင်းမူကား၊ သူတို့သည် အရာရာ၌ ပြည့်စုံစွာရိုးသားလျက်၊ ဖြောင့်မှန်ကြလေ၏။ သူတို့သည် ခရစ်တော်ကို ယုံကြည်ခြင်း၌လည်း အဆုံးတိုင်အောင်ပင် ခိုင်မြဲကြလေ၏။
၂၈ သူတို့ညီအစ်ကိုများ၏ အသွေးသွန်းလောင်းခြင်းကို အကြီးမားဆုံးသော စက်ဆုပ်ရွံရှာခြင်းအဖြစ် သူတို့မှတ်ယူကြ၏။ သူတို့၏ညီအစ်ကိုတို့ကို ဆန့်ကျင်၍ လက်နက်စွဲကိုင်စေခြင်းငှာလည်း တစ်ခါမျှသွေးဆောင်၍မရနိုင်ခဲ့စဖူး။ ခရစ်တော်နှင့် ရှင်ပြန်ထမြောက်ခြင်းအကြောင်း သူတို့၏မျှော်လင့်ခြင်းနှင့် နားလည်ခြင်းတို့ကြောင့် သူတို့သည် သေခြင်းကိုလည်း ကြောက်မက်စိတ်တစ်စုံတစ်ရာဖြင့်ပင်အဘယ်တုန်းကမျှ မမှတ်ယူကြ။ ထို့ကြောင့်၊ သူတို့အတွက်မူကား၊ သေခြင်းကို ခရစ်တော်၏အောင်နိုင်ခြင်းအားဖြင့် ကျော်လွှား၏။
၂၉ ထို့ကြောင့်၊ သူတို့ကို ခုတ်ဖြတ်ရန် ဓားသို့မဟုတ်၊ ဓားကောက်ကို မယူမီ သူတို့ညီအစ်ကိုတို့ စီရင်နိုင်သည့် အဆိုးရွားဆုံးသော၊ စိတ်ပျက်ဖွယ်နည်းဖြင့် သေခြင်းကို သူတို့ခံစားရလိမ့်မည်။
၃၀ ထိုကဲ့သို့အားဖြင့်၊ သူတို့သည် စိတ်အားကြီးသည့် ချစ်လှစွာသောလူမျိုးများ၊ ကိုယ်တော်ရှင်အလွန်နှစ်သက်တော်မူသည့် လူမျိုးများဖြစ်လေသတည်း။