ကျမ်းစာများ
အယ်လမာ ၃၅


အခန်းကြီး ၃၅

နှုတ်ကပတ်တော်ကို ဟောပြောခြင်းက ဇော်ရမ်​အမျိုးသားတို့၏​အမှုကို ဖျက်ဆီး၏—သူတို့သည် ပြောင်းလဲသော​သူများကို နှင်ထုတ်ကြ၏၊ ထို့နောက်တွင်၊ ပြောင်းလဲသော​သူတို့သည် ယေရှုန်​ပြည်၌ အမ္မုန်​လူမျိုးတို့နှင့် ပူးပေါင်းကြ၏—အယ်လမာသည် လူတို့၏​ဆိုးညစ်ခြင်းကြောင့် ဝမ်းနည်း၏။ ဘီစီ ၇၄ ခန့်။

ယခုတွင်၊ အချိန်တန်​လာသော​အခါ၊ အာမြူးလက် ဤစကားများကို လက်​စသတ်​ပြီးလေလျှင်၊ သူတို့ကိုယ်သူတို့ လူ​အစုအဝေးမှ ခွဲထွက်၍၊ ယေရှုန်​ပြည်ထဲသို့ လာကြ၏။

ထိုမှတစ်ပါး၊ ကြွင်းသော​ညီအစ်ကိုတို့​သည်လည်း၊ ဇော်ရမ်​အမျိုးသားတို့အား နှုတ်ကပတ်တော်ကို ဟောပြောလေ​ပြီးနောက်၊ ယေရှုန်​ပြည်ထဲသို့ လာကြ၏။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ပို၍​အရေး​ပါသော ဇော်ရမ်​အမျိုးသားတို့သည် မိမိတို့အား ဟောပြော​ထားလေသည့် စကားများ​အကြောင်းကို အတူတကွ တိုင်ပင်​နှီးနှော၍၊ နှုတ်ကပတ်တော်ကြောင့် အမျက်​ထွက်ကြ၏။ အကြောင်းမူကား၊ နှုတ်ကပတ်တော်က သူတို့၏​အမှုကို ဖျက်ဆီး၏။ ထို့ကြောင့်၊ သူတို့သည် ထိုစကားများကို စေ့စေ့နားမထောင်​လိုကြ။

သူတို့သည် သတင်း​ထုတ်ပြန်၍ ထိုပြည်​တစ်လျှောက်လုံးရှိ လူခပ်သိမ်းတို့ကို အတူတကွ​စုဝေးကြ၏။ ဟောပြော​ထားလေသော စကားများ​အကြောင်းကိုလည်း သူတို့နှင့် တိုင်ပင်ကြ၏။

ယခုတွင်၊ သူတို့၏​အုပ်စိုးသူများ၊ သူတို့၏​ယဇ်ပုရောဟိတ်များနှင့် သူတို့၏​ဆရာတို့က သူတို့၏​အလို​ဆန္ဒများ​အကြောင်းကို လူတို့အား သိခွင့်​မပေးကြ။ ထို့ကြောင့်၊ သူတို့သည် လူတို့၏​စိတ်ကို လျှို့ဝှက်စွာ​လေ့လာကြ၏။

ဤသို့အားဖြင့်​အချိန်တန်​လာသော​အခါ၊ လူခပ်သိမ်းတို့၏​စိတ်ကို သူတို့ လေ့လာ​ပြီးနောက်၊ အယ်လမာနှင့် သူ၏​ညီအစ်ကိုတို့​ဟောပြော​ခဲ့လေသည့် စကားများကို ထောက်ခံသော​သူတို့သည် ထိုပြည်မှ နှင်ထုတ်​ခံရ၏။ သူတို့သည် များစွာ​ရှိလေ၏။ ယေရှုန်​ပြည်ထဲသို့ လာခဲ့ကြ၏။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ အယ်လမာနှင့် သူ၏​ညီအစ်ကိုတို့သည် ထိုသူတို့ကို အမှုတော်​ဆောင်ကြ၏။

ယခုတွင်၊ ဇော်ရမ်​လူမျိုးတို့သည် ယေရှုန်​ပြည်၌​ရှိလေသည့် အမ္မုန်​လူမျိုးတို့ကို အမျက်​ထွက်ကြ၏။ ဇော်ရမ်​အမျိုးသားတို့၏ အုပ်စိုး​သူအကြီး​အကဲသည် အလွန်​ဆိုးညစ်သော​သူ​ဖြစ်လျက်၊ သူတို့ထံမှ အမ္မုန်​လူမျိုးတို့၏​ပြည်ထဲသို့ လာသော​သူ​မှန်သမျှကို နှင်ထုတ်​ရမည့်​အကြောင်း တောင်းဆို၍ အမ္မုန်​လူမျိုးတို့ထံ သတင်း​စေလွှတ်၏။

သူတို့​တစ်ဖက်တွင်လည်း များစွာသော​ခြိမ်းခြောက်ခြင်းများဖြင့် ပြင်းစွာ​ပြောဆို၏။ ယခုမူကား၊ အမ္မုန်​လူမျိုးတို့သည် သူတို့၏​စကားများကို မကြောက်ရွံ့ကြ။ ထို့ကြောင့် နှင်မထုတ်ကြ၊ သို့ရာတွင်၊ သူတို့​ပြည်သို့ လာသည့် ဇော်ရမ်အမျိုးသားတို့အထဲမှ ဆင်းရဲသား​ခပ်သိမ်းတို့ကို လက်ခံ၍၊ ကျွေးမွေးလျက်၊ အဝတ်ကို​ပေးလျက် သူတို့၏​အမွေခံရာ​အဖြစ်​မြေကို ပေးကြ၏။ သူတို့၏​လိုအပ်ချက်များ​အတိုင်း ကူညီ​ထောက်မကြ၏။

၁၀ ယခုတွင်၊ ဤအမှုသည် အမ္မုန်​လူမျိုးတို့​တစ်ဖက်၌ ဇော်ရမ်​အမျိုးသားတို့ကို အမျက်​ထွက်စေရန် နှိုးဆော်သဖြင့်၊ ဇော်ရမ်​အမျိုးသားတို့သည် လာမန်​အမျိုးသားတို့နှင့်​ရောနှောလျက်၊ သူတို့ကိုလည်း အမ္မုန်​အမျိုးသားတို့​တစ်ဖက်၌ အမျက်​ထွက်စေရန် နှိုးဆော်​စပြုကြ၏။

၁၁ ထိုကဲ့သို့​အားဖြင့်၊ ဇော်ရမ်​အမျိုးသားတို့နှင့် လာမန်​အမျိုးသားတို့သည် အမ္မုန်​လူမျိုးတို့နှင့် ဆန့်ကျင်၍၊ ထို့အတူ နီဖိုင်း​လူမျိုးတို့နှင့်လည်း ဆန့်ကျင်၍ စစ်တိုက်ခြင်းအတွက် ပြင်ဆင်ခြင်းကို အစ​ပြုကြ၏။

၁၂ ထိုကဲ့သို့​အားဖြင့်၊ နီဖိုင်း​လူမျိုးတို့​အပေါ် တရား​သူကြီးများ​အုပ်စိုးခြင်း တစ်ဆယ် ခုနစ်နှစ်မြောက် ပြီးဆုံး၏။

၁၃ အမ္မုန်​လူမျိုးတို့​သည်လည်း ယေရှုန်​ပြည်မှ ထွက်ခွာခဲ့ကြပြီး၊ မိလက်​ပြည်ထဲသို့ လာ၍၊ နီဖိုင်း​အမျိုးသားတို့အား လာမန်​အမျိုးသားတို့၏​တပ်များ၊ ထို့အတူ၊ ဇော်ရမ်​အမျိုးသားတို့၏ တပ်များနှင့် တိုက်ခိုက်နိုင်​စေခြင်းငှာ သူတို့​တပ်များ​အတွက် ယေရှုန်​ပြည်ထဲ၌ နေရာ​ပေးကြ၏။ ထိုကဲ့သို့​အားဖြင့်၊ တရား​သူကြီးများ​အုပ်စိုးခြင်း​တစ်ဆယ်​ရှစ်နှစ်​မြောက်တွင် လာမန်​အမျိုးသားတို့နှင့် နီဖိုင်း​အမျိုးသားတို့ကြား၌ စစ်တိုက်ခြင်း စတင်ခဲ့၏။ သူတို့​စစ်တိုက်ခြင်းများ​အကြောင်း မှတ်တမ်းကိုလည်း နောင်​ကာလမှ ရေးဦးမည်။

၁၄ အယ်လမာ၊ အမ္မုန်နှင့် သူတို့၏​ညီအစ်ကိုများ၊ ထို့အတူ၊ အယ်လမာ၏ သား​နှစ်ယောက်တို့သည်လည်း များစွာသော​ဇော်ရမ်​အမျိုးသားတို့ကို နောင်တရခြင်းသို့ ဆောင်ယူရာတွင်၊ ဘုရားသခင်၏​လက်တော်၌ တန်ဆာများ​ဖြစ်လျက်​ရှိနေပြီးမှ၊ ဇရဟင်မလပြည်သို့ ပြန်သွားကြ၏။ နောင်တရ​ခြင်းသို့ ဆောင်ယူ​ခံရသူမှန်သမျှ​သည်လည်း သူတို့ပြည်မှ နှင်ထုတ်ခံရ၏။ သို့ရာတွင်၊ သူတို့သည် ယေရှုန်​ပြည်ထဲ၌ သူတို့၏​အမွေ​ခံရာအဖြစ် မြေများကို ရရှိလျက်၊ သူတို့ကိုယ်တိုင်၊ သူတို့၏​ဇနီးများနှင့် သားသမီးများ၊ ထို့အတူ သူတို့၏​မြေများကို ကာကွယ်ခြင်းငှာ လက်နက်​စွဲကိုင်ကြ၏။

၁၅ ယခုတွင်၊ အယ်လမာသည် သူ့လူမျိုးတို့၏​ဒုစရိုက်ကြောင့်၊ အထူးသဖြင့်၊ သူတို့၌ ရှိလေသော စစ်တိုက်ခြင်းများ၊ အသွေး​သွန်းလောင်းခြင်းများနှင့် ရန်တွေ့ခြင်း​များကြောင့် ဝမ်းနည်း​ပူဆွေးလျက်၊ ထို့အတူ၊ မြို့တိုင်းရှိ လူခပ်သိမ်းတို့၌ နှုတ်ကပတ်တော်ကို ဟောကြားလျက်၊ သို့မဟုတ် နှုတ်​က​ပတ်တော်ကို ဟောကြားရန် စေလွှတ်​တော်မူခြင်းကို ခံရလျက်၊ လူတို့​စိတ်နှလုံး မာကျော​စပြု​လာကြောင်းနှင့် နှုတ်ကပတ်တော်၏​တင်းကျပ်​ပြင်းထန်ခြင်းကြောင့် စိတ်ပျက်​စပြုကြောင်းတို့ကို သိမြင်လျက် သူ၏​စိတ်နှလုံးသည် အလွန်​ဝမ်းနည်း၏။

၁၆ ထို့ကြောင့်၊ သူသည် မိမိသားတို့ကို၊ ဖြောင့်မတ်ခြင်းနှင့်​စပ်ဆိုင်သည့် အရာများနှင့်​စပ်လျဉ်း၍၊ သူတို့​အယောက်စီတိုင်းကို အသီးအခြား မှာထားနိုင်ခြင်းငှာ၊ အတူတကွ​စုဝေးစေ၏။ သူ၏​ကိုယ်ပိုင်​မှတ်တမ်းအတိုင်း သူတို့ကို မှာထားသည့် သူ၏​မိန့်မှာချက်​များအကြောင်း မှတ်တမ်း​တစ်ခု​သည်လည်း ငါတို့၌​ရှိ၏။

ပုံနှိပ်သည်