အခန်းကြီး ၃၇
လူတို့ကို၊ ကယ်တင်ခြင်းသို့ ဆောင်ယူခြင်းငှာ ကြေးပုရပိုက်ပြားများနှင့် အခြားသောကျမ်းစာများကို ထိန်းသိမ်းစောင့်ရှောက်ထား၏—ယာရက်အမျိုးသားတို့သည် မိမိတို့၏ ဆိုးညစ်ခြင်းကြောင့်၊ ဖျက်ဆီးခံရ၏—သူတို့၏လျှို့ဝှက်သောကျိန်ဆိုခြင်းများနှင့် ပဋိညာဉ်များကို လူတို့ထံမှ တားဆီးထားရမည်—သင်တို့၏အမှုမှန်သမျှတို့၌ ကိုယ်တော်ရှင်နှင့် တိုင်ပင်လော့—လိယဟော်နာက နီဖိုင်းအမျိုးသားတို့အား လမ်းပြသကဲ့သို့ပင်၊ ခရစ်တော်၏နှုတ်ကပတ်တော်တို့ကလည်း လူသားတို့ကို ထာဝရအသက်သို့ ပို့ဆောင်တော်မူ၏။ ဘီစီ ၇၄ ခန့်။
၁ ယခုမူကား၊ ငါ့သား ဟေလမန်၊ ငါ့ထံသို့ ယုံကြည်လွှဲအပ်ထားလေသည့် ထိုမှတ်တမ်းများကို ယူသွားရမည့်အကြောင်း သင့်ကို ငါဆို၏။
၂ သင်သည် နီဖိုင်း၏ပုရပိုက်ပြားများပေါ်၌ ငါပြုထားလေသည့်အတိုင်း၊ ဤလူမျိုးတို့အကြောင်း မှတ်တမ်းရေး၍၊ ငါထားလေသကဲ့သို့ပင် ဤအရာခပ်သိမ်းတို့ကို သန့်ရှင်းမွန်မြတ်စွာထားရမည့်အကြောင်းကိုလည်း ငါဆို၏။ အကြောင်းမူကား၊ ဉာဏ်ပညာရှိသောအကြံအစည်တော်အတွက် ၎င်းတို့ကို သိမ်းဆည်းထား၏။
၃ ဤရေးထွင်းခြင်းများ ပါဝင်သည့်၊ သန့်ရှင်းသောကျမ်းစာများအကြောင်း မှတ်တမ်းများ ပါရှိသည့်၊ ရှေးဦးစွာကတည်းကပင် ငါတို့ဘိုးဘေးတို့၏ ဆွေစဉ်မျိုးဆက်မှတ်တမ်းပါရှိသည့် ဤကြေးပုရပိုက်ပြားတို့သည်ကား—
၄ ရှုလော့၊ ထိုပုရပိုက်ပြားများကို ထိန်းသိမ်းပြီး၊ မျိုးဆက်တစ်ခုမှ တခြားတစ်ခုသို့ လက်ဆင့်ကမ်း၍ ပေးသွားရမည့်အကြောင်းနှင့်၊ ပြည်သား၊ အမျိုးစု၊ အသီးသီးဘာသာစကားကိုပြောသူနှင့် လူမျိုးမှန်သမျှထံသို့ ထွက်သွား၍၊ ပါရှိသည့် နက်နဲသောအရာများအကြောင်းကို သူတို့သိရသည့်တိုင်အောင်၊ ကိုယ်တော်ရှင်၏လက်တော်အားဖြင့် ထိန်းသိမ်း၍ ကာကွယ်စောင့်မထားကြောင်းကို ငါတို့ဘိုးဘေးတို့က ပရောဖက်ပြု၍ ဟောပြောထား၏။
၅ ယခုမူကား၊ ရှုလော့၊ ထိုပုရပိုက်ပြားများကို သိမ်းဆည်းထားလျှင်၊ တောက်ပခြင်းကို ထိန်းသိမ်းထားရပေမည်။ ထိုမှတစ်ပါး၊ တောက်ပခြင်းကို ထိန်းသိမ်းထားလိမ့်မည်။ ထိုမှတစ်ပါး၊ သန့်ရှင်းသောစာများပါဝင်သည့် ခပ်သိမ်းသောပုရပိုက်ပြားများသည်လည်း ဆက်၍တောက်ပခြင်း ရှိလိမ့်မည်။
၆ ယခုတွင်၊ ဤအမှုသည်ကား ငါ့၌ မိုက်မဲခြင်းဖြစ်သည်ဟု သင်ထင်မှတ်နိုင်ပေ၏။ သို့ရာတွင်၊ ရှုလော့၊ သင့်ကို ငါဆိုသည်ကား၊ သေးငယ်၍ ရိုးရှင်းသောအမှုများအားဖြင့်၊ ကြီးစွာသောအမှုများ ပြီးမြောက်၏။ သေးငယ်သောအရာများသည် ပညာရှိတို့ကို ကြိမ်ဖန်များစွာအရှက်ရစေ၏။
၇ ကိုယ်တော်ရှင်ဘုရားသခင်သည်လည်း သူ၏ကြီးမြတ်တော်မူသည့် ထာဝရအကြံအစည်တော်များကို ပြီးမြောက်ရန် နည်းများစွာတို့ဖြင့် ပြုတော်မူ၏။ ထို့အတူ၊ အလွန်သေးငယ်သောအရာတို့အားဖြင့်၊ ကိုယ်တော်ရှင်သည် ပညာရှိတို့ကို အရှက်ရစေလျက်၊ များစွာသောသူတို့၏ ကယ်တင်ခြင်းကို ဖြစ်စေတော်မူ၏။
၈ ယခုမူကား၊ ဤအရာတို့ကို ယခုတိုင်အောင် ထိန်းသိမ်းစောင့်ရှောက်ရမည်မှာ ဘုရားသခင်၏ ဉာဏ်ပညာတော်ဖြစ်လေ၏။ အကြောင်းမူကား၊ ထိုအရာတို့က ဤလူမျိုးတို့၏ မှတ်ဉာဏ်ကို ကြီးမားလာစေ၏။ ထိုမှတစ်ပါး၊ များစွာသောသူတို့ကို သူတို့အပြုအမူများ၏ မှားယွင်းခြင်းကိုလည်း နားသွင်း၍၊ သူတို့၏စိတ်ဝိညာဉ်များ ကယ်တင်ခြင်းသို့ ရောက်သည့်တိုင်အောင် သူတို့၏ဘုရားသခင်ကို သိခြင်းသို့ ဆောင်ယူ၏။
၉ ထိုမှတစ်ပါး၊ သင့်ကို ငါဆိုသည်ကား၊ ဤပုရပိုက်ပြားများပေါ်၌ရှိသည့်၊ ဤမှတ်တမ်းများ၌ ပါဝင်သောအရာများ မရှိလေလျှင်၊ အမ္မုန်နှင့် သူ၏ညီအစ်ကိုတို့သည် ထောင်ပေါင်းများစွာသော လာမန်အမျိုးသားတို့ကို သူတို့ဘိုးဘေးတို့၏ မမှန်သည့်နည်းဥပဒေသများအကြောင်း နားသွင်းနိုင်ခဲ့ကြမည်မဟုတ်။ ထိုမှတစ်ပါး၊ ဤမှတ်တမ်းများနှင့် သူတို့၏စကားများက သူတို့ကို နောင်တရခြင်းသို့ ဆောင်ယူခဲ့၏။ ဆိုလိုသည်ကား၊ သူတို့၏ ဘုရားသခင်ကိုယ်တော်ရှင်အကြောင်းကို သိခြင်းပညာသို့ သူတို့ကို ဆောင်ယူခဲ့၏။ သူတို့၏ရွေးနှုတ်ရှင်ယေရှုခရစ်တော်၌ ရွှင်လန်းဝမ်းမြောက်စေခြင်းငှာလည်းဖြစ်၏။
၁၀ ယခုမူကား၊ ထိုအရာတို့သည် ထောင်ပေါင်းများစွာသောသူတို့ကို၊ ထိုမှတစ်ပါး၊ ယခုတွင် အပြစ်နှင့် ဒုစရိုက်များ၌ စိတ်နှလုံးကို မာကျောစေလျက်ရှိသည့် ငါတို့၏ လည်ပင်းခိုင်မာသောညီအစ်ကို နီဖိုင်းအမျိုးသားထောင်ပေါင်းများစွာတို့ကို သူတို့၏ရွေးနှုတ်ရှင်အား သိခြင်းသို့ ဆောင်ယူရာ တန်ဆာများဖြစ်ကောင်းဖြစ်မည်ကို အဘယ်သူ မသိဘဲရှိမည်နည်း။
၁၁ ယခုတွင်၊ ဤနက်နဲသောအရာတို့ကို ငါ့အား ပြည့်စုံစွာ ဖော်ပြမထားသေး။ ထိုကြောင့်၊ ငါထပ်၍မပြော။
၁၂ ဘုရားသခင်သိမှတ်တော်မူသည့် ဉာဏ်ပညာအမြော်အမြင်ရှိသော ကြံရွယ်ချက်အတွက် ထိုအရာတို့ကို ထိန်းသိန်းစောင့်ရှောက်ထား၏ဟု ငါဆိုလျှင်ပင် လုံလောက်နိုင်ပေ၏။ အကြောင်းမူကား၊ သူသည် မိမိ၏ခပ်သိမ်းသော အမှုတော်များအပေါ်၊ ဉာဏ်ပညာဖြင့် အကြံပေးတော်မူ၍၊ သူ၏လမ်းခရီးတော်တို့သည် ဖြောင့်၍၊ သူ၏လမ်းတော်သည် ထာဝရတည်မြဲသော တရားစက်ဝန်းတစ်ခုဖြစ်၏။
၁၃ အို ငါ့သား ဟေလမန်၊ ဘုရားသခင်၏ပညတ်တော်များ တင်းကျပ်လှသည်ကို သတိရလော့၊ သတိရလော့။ သင်တို့သည် ငါ၏ပညတ်တော်များကို စောင့်ထိန်းမည်ဆိုလျှင်၊ ထိုပြည်၌ အောင်မြင်လိမ့်မည်ဟု သူမိန့်တော်မူ၏—သို့ရာတွင်၊ သင်သည် သူ၏ပညတ်တော်များကို စောင့်ထိန်းခြင်းမရှိလျှင်၊ သူ၏မျက်မှောက်မှ ပယ်ရှင်းခံရလိမ့်မည်။
၁၄ ငါ့သား၊ ယခုမူကား၊ ဘုရားသခင်သည် သန့်ရှင်းမွန်မြတ်သည့်၊ သန့်ရှင်းမွန်မြတ်စွာ သူထိန်းသိမ်းထားလေသည့်၊ ထို့အတူ သူ၏တန်ခိုးတော်ကို အနာဂတ်မျိုးဆက်တို့အား ပြနိုင်တော်မူခြင်းငှာ၊ သူ့ ၌ရှိသည့် ဉာဏ်ပညာအမြော်အမြင်ရှိသော ကြံရွယ်ချက်အတွက်လည်း ထိန်းသိမ်း၍၊ ကာကွယ်စောင့်မတော်မူမည့် ဤအရာတို့ကို သင့်အား၊ ယုံကြည်လွှဲအပ်ထားလေကြောင်း သတိရလော့။
၁၅ ယခုမူကား၊ ရှုလော့၊ ငါသည် သင့်ကို ပရောဖက်ပြုဟောသောဝိညာဉ်ဖြင့်ပြောပြသည်မှာ၊ သင်သည် ဘုရားသခင်၏ပညတ်တော်များကို လွန်ကျူးလျှင်၊ ရှုလော့၊ သန့်ရှင်းမွန်မြတ်သောဤအရာတို့ကို ဘုရားသခင်၏တန်ခိုးတော်ဖြင့်၊ သင့်ထံမှ ဖယ်ရှားတော်မူလိမ့်မည်။ သင့်ကို စာတန်ထံသို့လွှဲအပ်လိမ့်မည်ဖြစ်၍၊ သူသည် သင့်ကို လေတိုက်သောဖွဲသဖွယ် ဆန်ကာနှင့်ချသကဲ့သို့ စစ်ယူနိုင်ပေ၏။
၁၆ သို့ရာတွင်၊ သင်သည် ဘုရားသခင်၏ပညတ်တော်များကို စောင့်ထိန်း၍၊ သန့်ရှင်းမွန်မြတ်သောဤအရာတို့ကို ကိုယ်တော်ရှင်မိန့်တော်မူသည့်အတိုင်း ပြုမည်ဆိုလျှင် (သင်သည် ထိုအရာတို့နှင့်စပ်လျဉ်း၍ သင်ပြုရမည့် အရာမှန်သမျှတို့အတွက် ကိုယ်တော်ရှင်ထံ တောင်းပန်ရမည်ဖြစ်သဖြင့်) ရှုလော့၊ မြေကြီး သို့မဟုတ် ငရဲ၏တန်ခိုးသည် ထိုအရာတို့ကို သင့်ထံမှ ဖယ်ရှားနိုင်မည်မဟုတ်။ အကြောင်းမူကား၊ ဘုရားသခင်သည် သူ၏ခပ်သိမ်းသော နှုတ်ကပတ်တော်တို့ကို ပြီးပြည့်စုံစေရန် တန်ခိုးကြီးတော်မူပေ၏။
၁၇ အကြောင်းမူကား၊ သူသည် သင့်ထံသို့ ပြုတော်မူမည့် သူ၏ကတိတော်မှန်သမျှကို ပြီးပြည့်စုံစေတော်မူမည်။ အကြောင်းမူကား၊ သူသည် ငါတို့ဘိုးဘေးတို့ထံ ပြုတော်မူလေသည့် သူ၏ကတိတော်တို့ကို ပြီးပြည့်စုံစေတော်မူပြီးလေပြီ။
၁၈ အကြောင်းမူကား၊ သူသည် မိမိတန်ခိုးတော်ကို အနာဂတ်မျိုးဆက်တို့အား ပြတော်မူနိုင်ခြင်းငှာ၊ သူ့၌ရှိသည့် ဉာဏ်ပညာအမြော်အမြင်ရှိသော ကြံရွယ်ချက်အတွက် ဤအရာတို့ကို ထိန်းသိမ်းစောင့်ရှောက်တော်မူလိမ့်မည်ဖြစ်ကြောင်း သူတို့ကို မိန့်တော်မူခဲ့၏။
၁၉ ယခုမူကား၊ ရှုလော့၊ သူပြီးပြည့်စုံစေတော်မူသည့် ကြံရွယ်ချက်တစ်ခုမှာ၊ ထောင်ပေါင်းများစွာသော လာမန်အမျိုးသားတို့ကို သမ္မာတရားကိုသိခြင်းသို့ ပြန်လည်ခေါ်ဆောင်ခြင်းပင်ဖြစ်၏။ ထိုအရာတို့၌ သူ၏တန်ခိုးတော်ကိုလည်း ပြတော်မူလေပြီး၊ အနာဂတ်မျိုးဆက်များသို့တိုင်အောင် ထိုအရာတို့၌ သူ၏တန်ခိုးတော်ကို ပြတော်မူလျက်ရှိသေး၏။ ထို့ကြောင့်၊ ဤအရာတို့ကို ထိန်းသိမ်းစောင့်ရှောက်ထားရမည်။
၂၀ ထို့ကြောင့်၊ ငါ့သားဟေလမန်၊ သင်သည် ငါ၏စကားမှန်သမျှကို ပြီးပြည့်စုံစေရာ၌ လုံ့လဝီရိယရှိရမည်ဖြစ်ကြောင်းနှင့် ရေးထားသည့် ဘုရားသခင်၏ပညတ်တော်များကို စောင့်ထိန်းရာ၌ လုံ့လဝီရိယရှိရမည်ဖြစ်ကြောင်း ငါမှာကြား၏။
၂၁ ယခုမူကား၊ ထိုပုရပိုက်ပြားနှစ်ဆယ်လေပြားနှင့်စပ်လျဉ်း၍၊ ငါပြောပြမည်မှာ၊ လျှို့ဝှက်သောယုံကြည်ခြင်း၊ မှောင်မိုက်ခြင်းအမှုများ၊ သူတို့၏လျှို့ဝှက်သောအမှုများ သို့မဟုတ်၊ ဖျက်ဆီးခံရလေပြီးဖြစ်သည့် ထိုလူတို့၏လျှို့ဝှက်သောအမှုများကို ဤလူတို့အား ထင်ရှားစွာပြနိုင်ခြင်းငှာ၊ အထူးသဖြင့်၊ သူတို့၏လူ့အသက်သတ်ခြင်းမှန်သမျှ၊ လုယူခြင်းနှင့် သူတို့၏လုယက်ခြင်း၊ သူတို့၏ဆိုးညစ်ခြင်းနှင့် စက်ဆုပ်ရွံရှာဖွယ်အမှုမှန်သမျှကို ဤလူတို့အား ထင်ရှားစွာပြနိုင်ခြင်းငှာ၊ ထိုပုရပိုက်ပြားများကို သင်ထိန်းသိမ်းရမည်ဖြစ်ကြောင်းနှင့် ထိုမှတစ်ပါး၊ ဤအနက်ဖွင့်သောအရာများကို သင်ထိန်းသိမ်းစောင့်ရှောက်ရမည်ဖြစ်ကြောင်းပေတည်း။
၂၂ အကြောင်းမူကား၊ ရှုလော့၊ ကိုယ်တော်ရှင်သည် မိမိလူမျိုးတို့ မှောင်မိုက်၏အမှုများကို အထူးသဖြင့်၊ လျှို့ဝှက်သော လူ့အသက်သတ်ခြင်းများနှင့် စက်ဆုပ်ရွံရှာဖွယ်အမှုများကို စတင်၍ပြုကြောင်း သိမြင်တော်မူ၏။ ထို့ကြောင့်၊ သူတို့နောင်တမရလျှင်၊ မြေကြီးမျက်နှာပြင်မှ ဖျက်ဆီးခံရမည်ကို ကိုယ်တော်ရှင်မိန့်တော်မူခဲ့၏။
၂၃ ထို့အတူ၊ ကိုယ်တော်ရှင်မိန့်တော်မူသည်ကား၊ ငါ့ကို အစေခံသည့် ငါ၏လူမျိုးတို့အား ဖော်ပြနိုင်တော်မူခြင်းငှာ၊ သူတို့ညီအစ်ကိုတို့၏အမှုများ၊ အထူးသဖြင့်၊ သူတို့၏လျှို့ဝှက်သောအမှုများ၊ သူတို့၏မှောင်မိုက်ခြင်းအမှုများ၊ သူတို့၏ဆိုးညစ်ခြင်းနှင့် စက်ဆုပ်ရွံရှာဖွယ်အမှုများကို သူတို့အား ဖော်ပြတော်မူနိုင်ခြင်းငှာ၊ ငါ့ကျွန်ဂါဇေလင်အတွက်၊ မှောင်မိုက်၌ အလင်းကိုပြသည့် တောက်ပမည့် ကျောက်ကို ပြင်ဆင်တော်မူမည်။
၂၄ ယခုမူကား၊ ငါ့သား၊ ဘုရားသခင်၏နှုတ်ကပတ်တော်တို့ကို ပြီးပြည့်စုံစေခြင်းငှာ၊ ဤအနက်ဖွင့်သောအရာများကို ပြင်ဆင်ထားတော်မူခဲ့၏။ သူဆို၍ မိန့်တော်မူလေသည်ကား၊
၂၅ ငါသည် သူတို့၏ခပ်သိမ်းသော လျှို့ဝှက်သည့်အမှုများနှင့် စက်ဆုပ်ရွံရှာဖွယ်အမှုများကို မှောင်မိုက်မှထုတ်ဆောင်ပြီး အလင်းသို့ ဖော်ပြတော်မူမည်။ သူတို့နောင်တမရလျှင်၊ သူတို့ကို မြေကြီးမျက်နှာပြင်မှ ငါဖျက်ဆီးတော်မူမည်။ သူတို့၏ခပ်သိမ်းသောလျှို့ဝှက်ခြင်းများနှင့် စက်ဆုပ်ရွံရှာဖွယ်အမှုများကို နောင်ကာလ၌ ထိုပြည်ကို ပိုင်ဆိုင်မည့် လူမျိုးမှန်သမျှထံ အလင်းသို့ဆောင်ယူတော်မူမည်။
၂၆ ယခုမူကား၊ ငါ့သား၊ သူတို့နောင်တမရကြောင်း ငါတို့သိမြင်၏။ ထို့ကြောင့်၊ သူတို့သည် ဖျက်ဆီးခံ၏၊ ဘုရားသခင်၏နှုတ်ကပတ်တော်သည်လည်း ဤမျှအထိ ပြီးပြည့်စုံစေလေပြီ။ ထိုမှတစ်ပါး၊ သူတို့၏လျှို့ဝှက်သော စက်ဆုပ်ရွံရှာဖွယ်အမှုများကို မှောင်မိုက်ထဲမှ ထုတ်ဆောင်၍ ငါတို့ထံ ဖော်ပြတော်မူ၏။
၂၇ ယခုမူကား၊ ငါ့သား၊ သင်သည် သူတို့၏ခပ်သိမ်းသောကျိန်ဆိုခြင်းများ၊ သူတို့၏ပဋိညာဉ်များ၊ သူတို့၏လျှို့ဝှက်သောစက်ဆုပ်ရွံရှာဖွယ်အမှုများ၌ရှိသော သူတို့၏သဘောတူညီချက်များကို ဟန့်တားရမည့်အကြောင်း ငါမှာကြား၏။ ထိုမှတစ်ပါး၊ သူတို့၏ ခပ်သိမ်းသောနိမိတ်လက္ခဏာများနှင့် သူတို့၏ အံ့မခန်းချီးမွမ်းဖွယ်အမှုများကိုလည်း သင်သည် ဤလူတို့ထံမှ တားဆီးရမည်၊ ၎င်းတို့ကို သိခြင်းမရှိစေခြင်းငှာဖြစ်၏၊ သူတို့ မှောင်မိုက်ထဲသို့ လဲကျကောင်းလဲကျ၍ ဖျက်ဆီးမခံရစေခြင်းငှာပေတည်း။
၂၈ အကြောင်းမူကား၊ ရှုလော့၊ သူတို့သည် လုံးလုံးရင့်မှည့်သောအခါ၊ မှောင်မိုက်ကို ကျင့်သောသူများအပေါ်သို့ ဘုရားသခင်၏တန်ခိုးတော်အတိုင်း၊ ဖျက်ဆီးခြင်း ကျရောက်လာလိမ့်မည့်အကြောင်း ဤပြည်တစ်ခုလုံးအပေါ်၌ ကျိန်ဆိုခြင်းရှိ၏။ ထို့ကြောင့် ဤလူမျိုးတို့ ဖျက်ဆီးမခံရနိုင်စေကြောင်း ငါအလိုရှိ၏။
၂၉ အကြောင်းမူကား၊ သင်သည် သူတို့၏ကျိန်ဆိုခြင်းများနှင့် သူတို့ပဋိညာဉ်များ၏ လျှို့ဝှက်သော ဤအကြံအစည်များကို ဤလူတို့ထံမှ တားဆီး၍၊ သူတို့၏ဆိုးညစ်ခြင်း၊ သူတို့၏လူ့အသက်သတ်ခြင်းများနှင့် သူတို့၏စက်ဆုပ်ရွံရှာဖွယ်အမှုများကိုသာ ဖော်ပြရမည်။ ထိုကဲ့သို့သောဆိုးညစ်ခြင်းနှင့် စက်ဆုပ်ရွံရှာဖွယ်အမှုများ၊ ထို့အတူ လူ့အသက်သတ်ခြင်းတို့ကို ရွှံရှာကြရန်ကိုလည်း သူတို့ကို သွန်သင်ရမည်။ ဤလူမျိုးတို့သည် သူ၏တို့ဆိုးညစ်ခြင်းနှင့် စက်ဆုပ်ရွံရှာဖွယ်အမှုများ၊ ထို့အတူ၊ သူတို့၏လူ့အသက်သတ်ခြင်းများကြောင့် ဖျက်ဆီးခံရလေကြောင်းကိုလည်း သွန်သင်ရမည်။
၃၀ အကြောင်းမူကား၊ ရှုလော့၊ သူတို့၏ဒုစရိုက်များအကြောင်းကို ဟောပြောရန် သူတို့ထံလာသည့်၊ ကိုယ်တော်ရှင်၏ခပ်သိမ်းသောပရောဖက်များကို သူတို့သတ်ခဲ့ကြ၏။ သူတို့သတ်ခဲ့သူတို့၏အသွေးကလည်း လက်တုံ့ပြန်ခြင်းကို သူတို့အသက်ကို သတ်သူများအပေါ် ကျရောက်စေရန် သူတို့၏ဘုရားသခင်ကိုယ်တော်ရှင်ထံသို့ တောင်းလျှောက်၏။ ထိုကဲ့သို့အားဖြင့် ဘုရားသခင်၏တရားစီရင်တော်မူခြင်းများသည် မှောင်မိုက်ကိုကျင့်သူများနှင့် လျှို့ဝှက်ဂိုဏ်းများအပေါ် ကျရောက်တော်မူ၏။
၃၁ ထိုမှတစ်ပါး၊ မှောင်မိုက်ကိုကျင့်သော ထိုသူများနှင့် လျှို့ဝှက်ဂိုဏ်းများအတွက်၊ သူတို့လုံးလုံးမရင့်မှည့်မီ နောင်တမရလျှင်၊ ပျက်စီးခြင်းသို့ ရောက်သည့်တိုင်အောင် ကျိန်ခြင်းသည် ထိုပြည်သို့ ကာလအစဉ်အဆက်အမြဲ ကျရောက်လိမ့်မည်။
၃၂ ယခုမူကား၊ ငါ့သား၊ သင့်အား ငါပြောလေသောစကားကို သတိရလော့။ ထိုလျှို့ဝှက်သော အကြံအစည်များကို ဤလူများသို့ မအပ်နှံနှင့်။ သို့ရာတွင်၊ သူတို့အား အပြစ်နှင့် ဒုစရိုက်များကို ဆန့်ကျင်၍ ထာဝရတည်မြဲသောမုန်းတီးခြင်းအား သွန်သင်လော့။
၃၃ သူတို့အား နောင်တရခြင်းနှင့် ကိုယ်တော်ရှင်ယေရှုခရစ်တော်၌ယုံကြည်ခြင်းကို ဟောပြောလော့။ သူတို့ကိုယ်သူတို့ နှိမ့်ချစေခြင်းငှာ၊ သိမ်မွေ့အောက်ကျို့၍ စိတ်နှလုံးနှိမ့်ချစေခြင်းငှာ သွန်သင်လော့။ နတ်ဆိုး၏သွေးဆောင်ဖြားယောင်းခြင်းမှန်သမျှကို ကိုယ်တော်ရှင်ယေရှုခရစ်တော်၌ သူတို့၏ယုံကြည်ခြင်းဖြင့် ဆီးတားရန် သွန်သင်လော့။
၃၄ ကောင်းမြတ်သောအမှုနှင့် စပ်လျဉ်း၍ အဘယ်တော့မျှ မငြီးငွေ့ဘဲ၊ သိမ်မွေ့အောက်ကျို့၍ စိတ်နှလုံးနှိမ့်ချစေခြင်းငှာ သွန်သင်လော့။ အကြောင်းမူကား၊ ထိုကဲ့သို့သောသူတို့သည် မိမိတို့စိတ်ဝိညာဉ်၏ချမ်းသာခြင်းကို တွေ့ရှိလိမ့်မည်။
၃၅ အို သတိရလော့ ငါ့သား၊ သင်ငယ်ရွယ်စဉ်မှာ ဥာဏ်ပညာကို သင်ယူလော့။ ထိုမှတစ်ပါး၊ ဘုရားသခင်၏ပညတ်တော်များကို စောင့်ထိန်းခြင်းငှာ သင်ငယ်ရွယ်စဉ်မှာ သင်ယူလော့။
၃၆ ထိုမှတစ်ပါး၊ သင်၏ခပ်သိမ်းသောအထောက်အမအတွက် ဘုရားသခင်ထံသို့ တောင်းလျှောက်လော့။ ထိုမှတစ်ပါး၊ သင်၏အမှုမှန်သမျှကို ကိုယ်တော်ရှင်အတွက် ဖြစ်စေ၍၊ သင်အဘယ်အရပ်သို့ သွားသည်ဖြစ်စေ၊ ထိုအမှုကို ကိုယ်တော်ရှင်၌ ရှိစေလော့။ ထိုမှတစ်ပါး၊ သင်၏အတွေးမှန်သမျှကို ကိုယ်တော်ရှင်ထံသို့ ရှေးရှုလော့။ ထိုမှတစ်ပါး၊ သင့်စိတ်နှလုံး၏ချစ်ခြင်းကို ကိုယ်တော်ရှင်အပေါ်၌ ကာလအစဉ်အဆက် ထားရှိလော့။
၃၇ သင်၏အမှုမှန်သမျှ၌ ကိုယ်တော်ရှင်နှင့် တိုင်ပင်လော့။ သူသည် သင့်ကို ကောင်းမြတ်ရာသို့ ညွှန်ပြတော်မူလိမ့်မည်။ ထိုမှတစ်ပါး၊ သင်သည် ညဉ့်အချိန်၌ လဲလျောင်းသောအခါ ကိုယ်တော်ရှင်အဖို့ လဲလျောင်းလော့၊ သင်အိပ်ပျော်ရာ၌ ကြည့်ရှုစောင့်ရှောက်တော်မူပေမည်။ နံနက်အချိန်၌ ထသောအခါတွင်လည်း သင်၏စိတ်နှလုံးကို ဘုရားသခင်အား ကျေးဇူးတော်ချီးမွမ်းခြင်းနှင့် ပြည့်စေလော့။ ဤအရာတို့ကို ပြုလျှင်၊ နောက်ဆုံးသောနေ့၌ ချီးမြှောက်တော်မူခြင်းကို ခံရလိမ့်မည်။
၃၈ ယခုမူကား၊ ငါ့သား၊ အလုံး သို့မဟုတ်၊ လမ်းညွှန်သည့်အရာဟု ငါတို့ဘိုးဘေးတို့ခေါ်သည့်—သို့မဟုတ်၊ လမ်းညွှန်လုံးဟု အနက်ဖွင့်သည့်၊ လိယဟော်နာဟု ငါတို့ဘိုးဘေးတို့ခေါ်သည့် အရာနှင့်စပ်လျဉ်း၍ ငါ့၌ သင့်ကို ပြောစရာအတော်အသင့်ရှိ၏။ ထိုအရာကို ကိုယ်တော်ရှင်ပြင်ဆင်တော်မူ၏။
၃၉ ရှုဦးလော့၊ ထိုကဲ့သို့ အလွန်အနုစိတ်သောလက်ရာဖြင့် အဘယ်သူမျှ မပြုလုပ်နိုင်။ ရှုဦးလော့၊ ငါတို့ဘိုးဘေးတို့အား၊ တောရိုင်းထဲ၌ ခရီးသွားရမည့် လမ်းကြောင်းကို ပြရန် ထိုအရာကို ပြင်ဆင်ထားတော်မူခဲ့၏။
၄၀ ထိုအရာကလည်း ဘုရားသခင်ကို သူတို့၏ယုံကြည်ခြင်းအတိုင်း သူတို့အတွက် လှုပ်ရှား၏။ ထို့ကြောင့်၊ သူတို့သွားရမည့်လမ်းကို ထိုဝင်ရိုးများ ညွှန်ပြစေရန် ဘုရားသခင် ပြုနိုင်တော်မူကြောင်း သူတို့ယုံကြည်ခြင်းရှိလေ၍၊ ရှုလော့၊ ထိုအမှု ဖြစ်ခဲ့လေပြီတကား။ ထို့ကြောင့်၊ သူတို့၌ ဤအလွန်တရာအံ့ဩဖွယ်အမှု ရှိလေ၏။ အခြားသော အလွန်တရာအံ့ဩဖွယ်အမှု များစွာတို့ကိုလည်း ဘုရားသခင်၏တန်ခိုးတော်ဖြင့် နေ့တိုင်း ပြုပြင်စီရင်တော်မူခဲ့၏။
၄၁ သို့သော်လည်း၊ ထိုအလွန်တရာအံ့ဩဖွယ်အမှုများကို သေးငယ်သောအရာတို့အားဖြင့် ပြုလေသောကြောင့်၊ ထိုအရာက သူတို့အား အံ့ဩဖွယ်ကောင်းသောအမှုများကို ပြ၏။ သူတို့သည် ပျင်းရိ၍၊ ယုံကြည်ခြင်းနှင့် လုံ့လဝီရိယကို ကျင့်သုံးရန် မေ့လျော့ကြပြီးနောက်၊ ထိုအံ့ဩဖွယ်ကောင်းသောအမှုများ ရပ်တန့်၍၊ သူတို့၏လမ်းခရီး၌ ရှေ့သို့မတိုးနိုင်ကြ။
၄၂ ထို့ကြောင့်၊ သူတို့သည် တောရိုင်းထဲ၌ တည်းခိုကြ၊ သို့မဟုတ်၊ ဖြောင့်သောလမ်းကို မသွားကြသဖြင့်၊ သူတို့၏လွန်ကျူးခြင်းများကြောင့်၊ အစာငတ်မွတ်ခြင်းနှင့် ရေငတ်ခြင်းတို့ဖြင့် ဒုက္ခရောက်လေ၏။
၄၃ ယခုမူကား၊ ငါ့သား၊ ဤအရာတို့သည် ပုံပမာမရှိသည့်အရာများ မဟုတ်ကြောင်း သင်နားလည်စေရန် ငါအလိုရှိ၏။ အကြောင်းမူကား၊ ငါတို့ဘိုးဘေးတို့သည် ဤလမ်းညွှန်လုံးကို ပမာဏပြုရန် ပျင်းရိသောအခါ၊ (ယခုတွင် ဤအရာများသည် ဇာတိပကတိနှ့င်ဆိုင်သောအရာများဖြစ်၏) မအောင်မြင်ကြ။ ဝိညာဉ်ပကတိအရာများနှင့် စပ်လျဉ်း၍လည်း ထိုကဲ့သို့ပင်တည်း။
၄၄ အကြောင်းမူကား၊ ရှုလော့၊ ငါတို့ဘိုးဘေးတို့အား ကတိတော်မြေသို့သွားရာ ဖြောင့်သောလမ်းကြောင်းကို ညွှန်ပြလေမည့် လမ်းညွှန်လုံးကို ပမာဏပြုခဲ့လေသကဲ့သို့ပင်၊ သင့်အား ထာဝရပျော်ရွှင်ချမ်းမြေ့ခြင်းသို့သွားရာ ဖြောင့်သောလမ်းကြောင်းကို ညွှန်ပြမည့် ခရစ်တော်၏နှုတ်ကပတ်တော်ကို ပမာဏပြုရန် လွယ်ကူပေ၏။
၄၅ ယခုမူကား၊ ဤအမှု၌ သင်္ကေတတစ်ခုမရှိသလောဟု ငါဆို၏။ အကြောင်းမူကား၊ ဤလမ်းညွှန်သည့်အရာက ငါတို့ဘိုးဘေးတို့ကို ၎င်း၏လမ်းကြောင်းသို့ လိုက်ခြင်းအားဖြင့်၊ ကတိတော်မြေသို့ ဧကန်အမှန်တိကျစွာ ပို့ဆောင်ခဲ့သကဲ့သို့ပင်၊ ခရစ်တော်၏နှုတ်ကပတ်တော်လမ်းကြောင်းကို ငါတို့လိုက်လျှင်၊ ငါတို့ကို ဤဝမ်းနည်းခြင်းချိုင့်ဝှမ်းမှ ကျော်လွန်၍၊ အလွန်တရာပို၍ ကောင်းမြတ်သော ကတိတော်မြေထဲသို့ ပို့ဆောင်တော်မူလိမ့်မည်။
၄၆ အို ငါ့သား၊ ထိုနည်းလမ်း၏ လွယ်ကူခြင်းကြောင့် ငါတို့မပျင်းစေနှင့်။ ငါတို့ဘိုးဘေးတို့အတွက် ထိုကဲ့သို့ ဖြစ်ခဲ့လေပြီ။ အကြောင်းမူကား၊ သူတို့ကြည့်လျှင်၊ အသက်ရှင်နိုင်ကြောင်း၊ သူတို့အတွက် ထိုကဲ့သို့ ပြင်ဆင်ထားတော်မူခဲ့၏။ ငါတို့နှင့်စပ်လျဉ်း၍လည်း ထိုကဲ့သို့ပင်တည်း။ နည်းလမ်းကို ပြင်ဆင်ထား၍၊ ငါတို့ကြည့်မည်ဆိုလျှင်၊ ကာလအစဉ်အဆက် အသက်ရှင်နိုင်ပေ၏။
၄၇ ယခုမူကား၊ ငါ့သား၊ သင်သည် ဤသန့်ရှင်းမွန်မြတ်သောအရာတို့ကို ဂရုစိုက်ရမည့်အကြောင်း သတိပြုလော့။ ထိုမှတစ်ပါး၊ ဘုရားသခင်ကို မျှော်လင့်၍ အသက်ရှင်ရမည့်အကြောင်း သတိပြုလော့။ ဤလူတို့ထံ သွား၍ နှုတ်ကပတ်တော်ကို ဟောပြောလော့၊ ထို့အတူ သမ္မာသတိရှိလော့။ ငါ့သား၊ မင်္ဂလာရှိပါစေ။