ကျမ်းစာများ
အယ်လမာ ၄


အခန်းကြီး ၄

အယ်လမာသည် အထောင်​အသောင်းသော​ပြောင်းလဲသူ​များကို ဗတ္တိဇံ​ပေး၏—ဒုစရိုက်သည် အသင်းတော်သို့ ဝင်​လာ၍၊ အသင်းတော်၏​တိုးတက်မှု ဆီးတား​ခံရ၏—နီဖိုင်းဟကို တရားသူ​ကြီးချုပ်​အဖြစ် ခန့်အပ်၏—အယ်လမာသည် ယဇ်ပုရောဟိတ်​မင်းအဖြစ် အမှုတော်​ဆောင်ခြင်း၌ သူ့ကိုယ်ကို​ဆက်ကပ်၏။ ဘီစီ ၈၆–၈၃ ခန့်။

ယခုတွင်၊ အချိန်တန်​လာသော​အခါ၊ နီဖိုင်းလူမျိုးတို့​အပေါ်​တရား​သူကြီးများ​အုပ်စိုးခြင်း ဆဌမ​မြောက်နှစ်တွင်၊ ဇရဟင်မလ​ပြည်၌ ရန်တွေ့ခြင်းများ​သော်​လည်း​ကောင်း၊ စစ်တိုက်ခြင်းများ​သော်​လည်း​ကောင်း မရှိချေ။

သို့ရာတွင်၊ လူတို့သည် ဒုက္ခရောက်ကြ၊ အမှန်စင်စစ်၊ မိမိတို့​ညီအစ်ကိုများ၊ ထို့အတူ၊ မိမိတို့​သိုးစုများနှင့် နွားစုများ ဆုံးရှုံးခြင်းကြောင့်​လည်းကောင်း၊ ထို့အတူ၊ လာမန်​အမျိုးသားတို့​အားဖြင့် ခြေဖြင့်​နင်းချေပြီး၊ ဖျက်ဆီး​ခံရသည့် မိမိတို့၏​စပါး​လယ်ကွင်းများ ဆုံးရှုံးခြင်းကြောင့်​လည်းကောင်း ကြီးစွာ​ဒုက္ခရောက်​ကြ၏။

သူတို့၏​ဆင်းရဲ​ဒုက္ခများ​မှာ အလွန်​ကြီးမားလှ၍ လူတိုင်း ငိုကြွေး​မြည်တမ်းရ၏။ ထိုအမှု​သည်ကား၊ သူတို့၏​ဆိုးညစ်ခြင်းနှင့် သူတို့၏​စက်ဆုပ်​ရွံရှာဖွယ်​အမှုများကြောင့်၊ သူတို့​အပေါ်​လွှတ်တော်မူသည့် ဘုရားသခင်၏​တရား​စီရင်​တော်မူခြင်း​များဖြစ်​သည်ဟု သူတို့​ယုံကြည်ကြ၏။ ထို့ကြောင့်၊ သူတို့၏တာဝန်ကို အောက်မေ့​စေခြင်းငှာ သူတို့​နှိုး​ဆော်ခံရ၏။

သူတို့သည် အသင်းတော်ကိုလည်း ပို၍​ပြည့်စုံစွာ တည်ထောင်​စပြုကြ၏။ ထိုမှတစ်ပါး၊ များစွာသော​သူတို့သည် ဇိဒုန်ရေ၌ ဗတ္တိဇံ​ခံ၍၊ ဘုရားသခင်၏​အသင်းတော်သို့ ဝင်ကြ၏။ ထိုမှတစ်ပါး၊ အဘ​အယ်လမာ၏​လက်ဖြင့် အသင်းတော်၏​လူတို့​အပေါ် ယဇ်ပုရောဟိတ်​မင်း​အဖြစ်​ခန့်ထား​ခံရသူ အယ်လမာ၏​လက်ဖြင့် ဗတ္တိဇံ​ခံကြ၏။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ တရားသူကြီးများ​အုပ်စိုးခြင်း သတ္တ​မမြောက်​နှစ်တွင်၊ သုံးထောင်​ငါးရာ​ခန့်ရှိသော​လူတို့သည် ဘုရားသခင်၏​အသင်းတော်သို့ ကိုယ်တိုင်​ပေါင်းစည်း၍ ဗတ္တိဇံ​ခံကြ၏။ ထိုကဲ့သို့​အားဖြင့်၊ နီဖိုင်း​လူမျိုးတို့​အပေါ် တရား​သူကြီးများ​အုပ်စိုးခြင်း သတ္တ​မမြောက်​နှစ်​ပြီးဆုံး၏။ ထိုကာလ​တစ်ခုလုံး၌လည်း အဆက်​မပြတ်ငြိမ်း​ချမ်းခြင်း​ရှိလေ၏။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ တရား​သူကြီးများ​အုပ်စိုးခြင်း​အဌမ​မြောက်နှစ်တွင်၊ အသင်းတော်၏​လူတို့သည် သူတို့၏​အလွန်များသော​စည်းစိမ်​ဥစ္စာများ၊ ထို့အတူ သူတို့၏ ဖဲချောများ၊ ထို့အတူ သူတို့၏​ပိတ်ချောများကြောင့်​လည်းကောင်း၊ ထို့အတူ သူတို့၏​များစွာသော​သိုးစုများနှင့် နွားစုများ၊ ထို့အတူ သူတို့၏​ရွှေနှင့် သူတို့၏ငွေ၊ ထို့အတူ သူတို့​ကြိုးစား​အားထုတ်မှုကြောင့် ရရှိလေသည့် အမျိုးမျိုးသော အဖိုး​ထိုက်သည့်​အရာများကြောင့်​လည်းကောင်း မာနကြီး​စပြု​လာကြ၏။ သူတို့သည် အလွန်​အဖိုး​ထိုက်သည့် အဝတ်များကို ဝတ်ဆင်​စပြု၍၊ ဤ​အရာခပ်သိမ်းတို့၌လည်း သူတို့၏​မာန​မျက်လုံးများဖြင့် ဘဝင်​မြင့်ကြ၏။

ယခုတွင်၊ ဤအရာ​သည်ကား၊ အယ်လမာသို့၊ ထိုမှတစ်ပါး၊ အသင်းတော်၌ ဆရာများ၊ ယဇ်ပုရောဟိတ်များနှင့် အသင်း​လူကြီးများ​အဖြစ် အယ်လမာ​ခန့်ထားသည့် များစွာသော​လူများကို များစွာ​ဆင်းရဲ​ဒုက္ခရောက်​စေခြင်း၏ အကြောင်းရင်း​ဖြစ်၏။ အကြောင်းမူကား၊ သူတို့မှ များစွာသော​သူတို့သည် မိမိတို့​မြင်သည့် ဆိုးညစ်ခြင်းများ မိမိတို့​လူများကြား၌ အစ​ပြုလေတော့မည်​ဖြစ်သော​ကြောင့်၊ ပြင်းစွာ​ဝမ်းနည်း​ပူဆွေးကြ၏။

အကြောင်းမူကား၊ အသင်းတော်မှ​လူတို့ သူတို့၏​မာန​မျက်လုံးများဖြင့် ဘဝင်​မြင့်ရန်နှင့် သူတို့​စိတ်နှလုံးကို စည်းစိမ်​ဥစ္စာနှင့် လောက၏​အချည်း​အနှီးသော​အရာများ​အပေါ်၌ ထားရန် အစ​ပြု၍၊ တစ်ယောက်ကို တစ်ယောက် မထီမဲ့​မြင်ပြုရန်​အစ​ပြုကြ၊ သူတို့​စိတ်​အလို​ဆန္ဒအတိုင်း မယုံကြည်သူများကို ညှဉ်းဆဲ​စပြုကြ​သည်ကို ကြီးစွာသော​ဝမ်းနည်းမှုနှင့် သူတို့မြင်​တွေ့ရ၏။

ထိုကဲ့သို့​အားဖြင့်၊ တရားသူကြီးများ​အုပ်စိုးခြင်းဤ​အဌမမြောက်​နှစ်တွင်၊ အသင်းတော်၏​လူတို့၌ ကြီးစွာသော​တိုက်ခိုက်ခြင်းများ၊ အထူးသဖြင့်၊ ဂုဏ်ပြိုင်ခြင်းများ၊ ရန်တွေ့ခြင်းများ၊ ရန်ငြိုး​ထားခြင်းများ၊ ညှဉ်းဆဲခြင်းများ၊ ဘုရားသခင်၏​အသင်းတော်နှင့် မဆိုင်သော​သူတို့၏ မာနထက်ပင် သာလွန်သော​မာန​ရှိ​စပြု​ကြ၏။

၁၀ ထိုကဲ့သို့​အားဖြင့်၊ တရားသူကြီးများ​အုပ်စိုးခြင်း​အဌမ​မြောက်နှစ် ပြီးဆုံး၏။ အသင်းတော်၏​ဆိုးညစ်ခြင်း​သည်လည်း အသင်း​တော်နှင့် မဆိုင်သော​သူများအတွက် ကြီးစွာသော ထိမိ၍လဲစရာတုံး ဖြစ်လေ၏။ ထိုကဲ့သို့​အားဖြင့်၊ အသင်းတော်သည် တိုးတက်မှု ကျဆုံး​စပြု၏။

၁၁ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ နဝမ​မြောက်နှစ်​အစတွင်၊ အယ်လမာသည် အသင်းတော်၏​ဆိုးညစ်ခြင်းကို​သိမြင်၍၊ အသင်းတော်၏​ပုံသက်သေမှာ၊ မယုံကြည်သူများကို ဒုစရိုက်​တစ်ခုမှ တခြား​တစ်ခုသို့ ပို့ဆောင်​စပြု​သည်ကိုလည်း သူသိ​မြင်၏။ ထိုကဲ့သို့​အားဖြင့်၊ လူတို့၏​ပျက်စီးခြင်းကို ဖြစ်​ပေါ်စေလျက်​ရှိ၏။

၁၂ ထိုမှတစ်ပါး၊ လူတို့၌ ကြီးစွာသော​မမျှတခြင်း၊ အချို့သော​သူများသည် မိမိတို့​မာနဖြင့် ဘဝင်​မြင့်လျက်၊ အခြားသူတို့ကို မထီမဲ့​မြင်​ပြုလျက်၊ ချို့တဲ့သော​သူနှင့် အဝတ်​မရှိသော​သူ၊ အစာ​မွတ်သိပ်သော​သူ၊ ရေငတ်သော​သူနှင့် ဖျားနာ၍ ဒုက္ခ​ရောက်သော​သူတို့ကို ကျောခိုင်းလျက်​ရှိသည်ကို သူသိ​မြင်၏။

၁၃ ယခုတွင်၊ ဤအမှုမှာ၊ လူတို့၌ ငိုကြွေး​မြည်တမ်းခြင်း၏ ကြီးစွာသော​အကြောင်းရင်း​ဖြစ်ရ​သည်ကား၊ အခြားသော​သူတို့သည် ပရောဖက်​ပြုဟောသော​ဝိညာဉ်အတိုင်း ကြွလာ​တော်မူမည့် ခရစ်တော်ကို​အကြောင်း​ပြု၍၊ မိမိတို့၏​ဥစ္စာများကို ဆင်းရဲ​သားများနှင့် ချို့တဲ့သော​သူတို့အား မျှ၍​ပေးခြင်း၊ မွတ်သိပ်သော​သူတို့အား အစာ​ကျွေးခြင်း၊ အမျိုးမျိုးသော ဆင်းရဲ​ဒုက္ခ​ဝေဒနာများ​ခံစားခြင်း အစ​ရှိသည်တို့ကို​ပြု၍၊ သူတို့၏​မစခြင်းကို လိုအပ်လျက်​ရှိသော​သူတို့အား မစလျက်၊ သူတို့​ကိုယ်ကို နှိမ့်ချလျက်​ရှိစဉ်တွင်၊

၁၄ ထိုကဲ့သို့​အားဖြင့်၊ သူတို့၏​အပြစ်များမှ​လွှတ်ခြင်းကို ထိန်းသိမ်းထားလျက်၊ ယေရှု​ခရစ်တော်၏​အလိုတော်နှင့် တန်ခိုးတော်​အတိုင်း၊ သေသူတို့၏​ရှင်ပြန်​ထမြောက်ခြင်း​ရှိ၍၊ သေခြင်း၏​ကြိုးများမှ ကယ်လွှတ်​တော်မူခြင်းတို့​ကြောင့်၊ ကြီးစွာသော ဝမ်းမြောက်ခြင်းနှင့် ပြည့်လျက်၊ ထိုနေ့ကို မျှော်လင့်လျက်​ရှိကြ၏။

၁၅ ယခုမူကား၊ အချိန်တန်​လာသော​အခါ၊ အယ်လမာသည် ဘုရားသခင်၏​နှိမ့်ချသော​တပည့်​တော်များ၏ ဆင်းရဲ​ဒုက္ခများနှင့်၊ သူတို့​အပေါ်သို့ စုပုံခဲ့သည့် သူ့လူတို့မှ ကျန်ကြွင်းသော​သူတို့၏ ညှဉ်းဆဲခြင်းများကို မြင်လျက်၊ သူတို့၏​ခပ်သိမ်းသော မမျှတခြင်းများကို မြင်လျက်၊ အလွန်​ဝမ်းနည်း​စပြု၏။ အဘယ်သို့ပင်​ဖြစ်စေ၊ ကိုယ်တော်ရှင်၏​ဝိညာဉ်တော်သည် သူ့ကို​စွန့်တော်​မမူ။

၁၆ သူသည် အသင်းတော်၏​အသင်း​လူကြီးများမှ ဉာဏ်ပညာရှိသော​သူတစ်ဦးကို​လည်း ရွေးချယ်ပြီး၊ ပေးထားလေသော​ဥပဒေများ​အတိုင်း၊ ဥပဒေများကို ပြဌာန်း​သတ်မှတ်နိုင်ခွင့် ထိုသူ၌​ရှိနိုင်စေခြင်းငှာ လူတို့၏​မဲဆန္ဒ​အတိုင်း အခွင့်​ပေးလျက်၊ လူတို့၏ ဆိုးညစ်ခြင်းနှင့် ပြစ်မှုများ​အတိုင်း သက်ရောက်​စေ၏။

၁၇ ယခုတွင် ဤလူ၏​အမည်ကား၊ နီဖိုင်းဟ​ဖြစ်ပြီး၊ တရားသူကြီး​ချုပ်အဖြစ် ခန့်အပ်​ခံရ၏။ သူသည် လူတို့ကို တရား​စီရင်ခြင်းငှာနှင့် အုပ်ချုပ်ခြင်းငှာ တရားပလ္လင်၌ ထိုင်၏။

၁၈ ယခုတွင်၊ အယ်လမာသည် အသင်းတော်​အပေါ်၌ ယဇ်ပုရောဟိတ်​မင်း​အမှုအရာကို ထိုသူ့အား မပေးဘဲ ယဇ်ပုရောဟိတ်​မင်း​အမှုအရာကို မိမိ၌ ထိန်းသိမ်းထား၏။ တရားပလ္လင်ကိုသာ နီဖိုင်းဟသို့ ပေးအပ်၏။

၁၉ ဤအမှုကို သူပြုသည်​မှာလည်း၊ သူ၏​လူမျိုးတို့၌၊ သို့မဟုတ် နီဖိုင်းလူမျိုးတို့၌ သူကိုယ်တိုင် သွားလာနိုင်​စေကြောင်း၊ သူတို့၏တာဝန်ကို အောက်မေ့စေရန် နှိုးဆော်၍၊ ဘုရားသခင်၏​နှုတ်ကပတ်တော်ကို သူတို့အား သူဟော​ပြောနိုင်​စေကြောင်း၊ သူတို့ကို သူပြန်လည်​တောင်းဆိုနိုင်ခြင်းငှာ၊ သူတို့​တစ်ဖက်၌ စင်ကြယ်သော​သက်သေခံချက်​အားဖြင့် သက်သေခံခြင်း​မှတစ်ပါး၊ အခြား​နည်းလမ်း​မရှိသည်ကို သိမြင်၍၊ သူ၏​လူတို့၌ ရှိသည့် ခပ်သိမ်းသော​မာနနှင့် ပရိယာယ်၊ ခပ်သိမ်းသော​ရန်တွေ့ခြင်းများကို ဘုရားသခင်၏​နှုတ်ကပတ်တော်​အားဖြင့် သူရပ်တန့်နိုင်​စေကြောင်းတို့​ပင်တည်း။

၂၀ ထိုကဲ့သို့​အားဖြင့်၊ နီဖိုင်းလူမျိုးတို့၌ တရားသူကြီးများ​အုပ်စိုးခြင်း နဝမမြောက်​နှစ်စတင်ချိန်တွင်၊ အယ်လမာသည် တရားပလ္လင်ကို နီဖိုင်းဟသို့ လွှဲအပ်၍၊ ဗျာဒိတ်တော်နှင့် ပရောဖက်ပြုချက်​ဝိညာဉ်အတိုင်း၊ ဘုရားသခင်၏​သန့်ရှင်းသော​အသင်း၏ ယဇ်ပုရောဟိတ်​မင်း​အခွင့်​အာဏာ​အတွက်၊ နှုတ်ကပတ်တော်ကို သက်သေခံခြင်း​အတွက် သူ့ကိုယ်ကို လုံးလုံးဆက်​ကပ်လေ၏။

ပုံနှိပ်သည်